ညောင်ရွှေ ဧပြီ ၁၇
မြန်မာ့နှစ်ဆန်း(၁)ရက်နေ့တွင် မြန်မာနိုင်ငံရှိပြည်သူများသည် နေရာဒေသအသီးသီး၌ သက်ကြီးဘိုးဘွားများအားကန်တော့ခြင်း၊ ခေါင်းလျှော်ပေးခြင်း ခြေသည်းလက်သည်းများညှပ်ပေးခြင်း၊ ဇီဝိတဒါနငါး၊ဌက်များ လွတ်ပေးကြခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားနာယူခြင်း ကုသိုလ်ကောင်းမှုများ ဆောင်ရွက်လျက်ရှိကြရာ ဧပြီ (၁၇) ရက် နံနက် (၉) နာရီက ကလောခရိုင်၊ ညောင်ရွှေမြို့၊ နဒီကန်သဘာဝရေပြင်အတွင်းသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က ဇီဝိတဒါန စုပေါင်းငါးလွတ်ပေးကြကြောင်း သိရသည်။
အဆိုပါ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကြီးက နဒီကန်သဘာဝရေပြင်အတွင်းသို့ ငါးခုံးမကောင်ရေ (၂) သောင်း၊ ငါးမြစ်ချင်းကောင်ရေ (၂) သောင်း၊ ရွှေဝါငါးကြင်းကောင်ရေ(၁)သောင်း ဇီဝိတဒါနလွတ်ပေးကြကြောင်း သိရှိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော သက်ကြီးပူဇော်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြပြီး အဘိုး၊အဘွားများအား ပူဇော်ကန်တော့၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက အဘိုး၊အဘွားများအား ပူဇော်ကန်တော့ငွေနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ကျန်းမာရေးဌာနမှ အဘိုး၊အဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားတွင် (၈၅) နှစ်နှင့်အထက်စာရင်းရှိ (၅၀၈) ဦး၊ တက်ရောက်အဘိုး (၂၆) ဦး၊ အဘွား (၂၇) ဦး စုစုပေါင်း(၅၄)ဦး တက်ရောက်ကန်တော့ခံကြောင်း သိရှိရသည်။
မောင်မောင်သန်း (တောင်ကြီး)