မွန် ဧပြီ ၁၇
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွားပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများကို ကျင်းပခဲ့ကြကြောင်း သိရသည်။
သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲများကို သထုံမြို့၌ အသက် (၉၀) နှင့် အထက် သက်ကြီးဘိုးဘွား (၁၀၆)ဦးတို့အား စုစုပေါင်းငွေကျပ်(၄၂)သိန်းကျော်ခန့်ရှိ အလှူငွေနှင့် လှူဖွယ်များတို့ကိုလည်းကောင်း၊ မုဒုံမြို့၌ အသက် (၉၀) နှစ်နှင့် အထက် သံဃာ (၆)ပါး၊ သက်ကြီးအဘိုး ၄၆ ဦး၊ အဘွား ၁၀၆ ဦးအား တစ်ဦးလျှင် ကန်တော့ငွေ(၃၀၀၀၀)ကျပ်၊ လှူဖွယ်ပစ္စည်းငွေ(၁၁၀၀၀) ကျပ် စုစုပေါင်း(၄၁၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းလှူဒါန်းငွေ (၆၇၀၀၀၀၀၀)ကျပ်ခန့်ကိုလည်းကောင်း၊ အသီးသီးပေးအပ်လှူဒါန်းခဲ့ကြသည်။
ဇီဝိတဒါနအဖြစ် ငါးလွှတ်ပွဲကို မုဒုံမြို့၌ ကန်ကြီးမင်္ဂလာကန်တော်အတွင်းသို့ ငါးမျှစ်ချဥ်း ၊ ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ ၂၅၀၀ ခန့်အား လွှတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သက်ကြီးဘိုးဘွားပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပြန်/ဆက်