ကျောက်ဆည်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကျောက်ဆည် ဧပြီ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၆)နာရီက ကံဦးရပ်ကွက် ရန်ကုန်-မန္တလေးကားလမ်း ဒေါ်သိုက်ကြီးကွေ့ ဗဟိုမဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆုပေးပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့် တာဝန်ရှိသူများက မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် ယိမ်းအကပြိုင်ပွဲတွင် ဆုရရှိသည့် ယိမ်းအဖွဲ့စာရင်းများအား ဖွင့်ဖောက်ကြေညာခဲ့ပြီး ပထမဆုရရှိသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ယိမ်းအဖွဲ့အား ဆုငွေကျပ်(၅)သိန်း၊ ဒုတိယဆုရရှိသည့် မြို့နယ်စည်ပင်သာယာရေးယိမ်းအဖွဲ့အား ဆုငွေကျပ် (၃)သိန်း၊ တတိယဆုရရှိသည့် မြို့နယ်ပညာရေးမှူးရုံး ယိမ်းအဖွဲ့ ဆုငွေကျပ် (၂)သိန်းနှင့် နှစ်သိမ့်ဆုများရရှိသည့် ကျောက်ဆည်တက္ကသိုလ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)နှင့် မြို့နယ်မြေစာရင်းဦးစီးဌာနယိမ်းအဖွဲ့များအား ဆုငွေ (၁)သိန်းကျပ် အသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ကျောက်ဆည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးငွေဒိုးက အကဲဖြတ်အမှတ်ပေးဒိုင်များအဖြစ် ဆောင်ရွက်ပေးခဲ့သည့် မြို့နယ်သဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးအောင်မြင့်နှင့် ဒိုင်အဖွဲ့ဝင်များအား ဂုဏ်ပြုငွေများကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်းနှင့် ယိမ်းအကအဖွဲ့များနှင့် အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များမှ “မန်းတောင်ရိပ်ခို”သင်္ကြန်တေးသီချင်းဖြင့် စုပေါင်းသီဆို ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)