၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနား တွံတေးမြို့နယ်၌ ကျင်းပ

တွံတေး ဧပြီ ၁၆

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ခရစ်သက္ကရာဇ် ၂၀၂၄ ခုနှစ် ရန်ကုန်တိုင်ဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို ယနေ့ညနေ ၅ နာရီ မိနစ် ၃၀ မိနစ်အချိန်က အုန်းပင်စုရပ်ကွက်၊ ရွှေဆံတော်ဘုရားလမ်းရှိ ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ဗဟိုမဏ္ဍပ်တွင် ကပြဖျော်ဖြေပေးခဲ့ကြသော ယိမ်းပျိုဖြူ (၈)ဖွဲ့ကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ရာ တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကပြဖျော်ဖြေပေးကြသော ယိမ်းပျိုဖြူတစ်ဖွဲ့ကို ဂုဏ်ပြုဆုငွေတစ်သိန်းကျပ်စီ ဆုချီးမြှင့်ပေးခဲ့​သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသုတအောင်က မဟာသင်္ကြန်ဖြစ်မြောက်ရေး ဝိုင်းဝန်းကူညီပေးကြသူများအား ကျေးဇူးတင်စကား ပြန်လည်းပြောကြားခဲ့သည်။

ထို့နောက် တွံတေးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား ပိတ်သိမ်းကြောင်း ကြေညာပေးကာ ယိမ်းအဖွဲ့များက “မန်းတောင်ရိပ်ခို”သီချင်းဖြင့် စုပေါင်းကပြ ဖျော်ဖြေခဲ့ကြသည်။

၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ကြီးမှူး၍ ဗဟိုမဏ္ဍပ်၌ ယိမ်းအဖွဲ့တို့ဖြင့် ကပြဖျော်ဖြေခြင်း၊ ခေတ်ပေါ်တေးဂီတများဖြင့် ဖျော်ဖြေရေးအစီအစဉ်များ၊ စတုဒီသာကျွေးမွေးခြင်းအစီအစဉ်များ၊ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေးနှင့် ရေပက်ခံထွက်နိုင်စေရေးတို့အတွက် သင်္ကြန်ပွဲတော်ကာလအတွင်း စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တွံတေးသား