မောက်မယ် ဧပြီ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ကာလအတွင်း ဉပုသ်သီလစောင့်တည်သူများနှင့် ဘုရားကျောင်းကန်သို့ သွားရောက်ကန်တော့ကြသူများရှိသကဲ့သို့ စိမ့်စမ်းရေထွက်များ၊ ဆည်များ၊ ရေတံခွန်များ၌ ဒေသခံလူငယ်လူရွယ်များနှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်ကြသည့် လူငယ်လူရွယ်များ အေးချမ်းပျော်ရွှင်စွာ ရေကစား၍ အပန်းဖြေလာရောက်အနားယူသူများဖြင့် နေ့စဉ်စည်ကားလျက်ရှိကြောင်း တွေ့ရသည်။
စိမ့်စမ်းရေထွက်များနှင့် ရေချောင်းများ၊ ရေတံခွန်များပေါများသည့် မောက်မယ်မြို့နယ်တွင် လည်ပတ်စရာနေရာများပေါများသဖြင့် လူငယ်လူရွယ်များတို့က စိမ့်စမ်းရေထွက်နေရာများ၊ ရေတံခွန်များ၊ ဆည်များနှင့် နမ့်ယွမ်းချောင်းဘေးစသည့် အရိပ်ကောင်းသောနေရာများတွင် လာရောက်ရေကစားပြီး အပန်းဖြေကြသည်။ “ကျွန်မတို့ ဒေသခံစျေးသည်တွေက သင်္ကြန်ကာလရုံးများပိတ်ပြီဆိုရင် စတင်ပြင်ဆင်ခဲ့တာပါ၊ ရေတံခွန်၊ စိမ့်စမ်းရေထွက်၊ ရေပြာအိုင်၊ ငါးဂူရေထွက်၊ ဆည် စသည့်နေရာတွေမှာ ဆိုင်ခန်းတွေ တဲထိုးပြီးတော့ အကင်တွေ၊ မုန့်တွေ၊ အချိုရည်၊ ခေါက်ဆွဲတို့ အကြော်စုံတို့ အသုပ်စုံတို့ ရောင်းပါတယ်။ အပန်းလာဖြေတဲ့သူတွေ အရိပ်ကောင်းတဲ့နေရာမှာနေပြီးတော့ မိမိကြိုက်နှစ်သက်ရာ အစားအသောက်တွေကို မှာယူစားသုံးနိုင်ပါတယ်၊ နှစ်စဉ်သင်္ကြန်တွင်းဆိုပိုပြီးစည်ကားလာလေပါပဲ၊ ချောင်းထဲမှာ ရေချိုးတဲ့သူနဲ့ ဓါတ်ပုံရိုက်တဲ့သူနဲ့ သင်္ကြန်ရက်ဆိုရင် ဒေသခံတွေနဲ့ အနယ်နယ်အရပ်ရပ်က လာရောက်ရေကစားတဲ့လူတွေနဲ့ အရမ်းစည်ပါတယ်”ဟု အဆိုပါချောင်းဘေးစျေးဆိုင် ဖွင့်လှစ်ရောင်းချနေသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါနေရာများ၌ နှစ်စဉ်သင်္ကြန်မတိုင်မီ ဧပြီလဆန်းမှစတင်၍ ဒေသခံပြည်သူများနှင့် ဝန်ထမ်းများ နေ့စဉ် ရေကစားအပန်းဖြေလာရောက်လျက်ရှိပြီး လာရောက်ရေကစားသူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားနေကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)