မိုင်းရှူး ဧပြီ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၆ နာရီက ဟံသာမုနိဘုရားကြီးရှေ့ ဗဟိုမဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်က နှစ်ဟောင်းမှ အညစ်အကြေးများကို သင်္ကြန်ရေနှင့် ဆေးကြောပြီး နှစ်သစ်ကို ကြိုဆိုကာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြရမည်ဖြစ်ကြောင်း၊ မြန်မာဓလေ့ထုံးတမ်းအစဥ်အလာများနှင့်အညီ ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းရန်၊ ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲတော်တွင် ပါဝင်ဆင်နွှဲကြသည့် သွေးချင်းများ မင်္ဂလာအပေါင်းနဲ့ ပြည့်ဝကြပါစေကြောင်း နှစ်သစ်ကို ကြိုဆိုနုတ်ခွန်းဆက်စကားပြောကြားသည်။ ဆက်လက်၍ ယိမ်းအဖွဲ့များက မန်းတောင်ရိပ်ခိုသီချင်းဖြင့် ကပြဖျော်ဖြေကြသည်။
မိုင်းရှူးမြို့၏ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် သင်္ကြန်အကြိုနေ့၊ အကျနေ့၊ အကြတ်နေ့နှင့် အတက်နေ့များတွင် စတုဒီသာကျွေးခြင်း၊ ယိမ်းအဖွဲ့များက ကပြဖျော်ဖြေခြင်း၊ တီးဝိုင်းအဖွဲ့က တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကာ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး နှစ်ဆန်းတစ်ရက်နေ့တွင် ကုသိုလ်ကောင်းမှုများပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)