နမ့်စန်တွင်  မဟာသင်္ကြန်ပွဲတော် ယိမ်းအကပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် မဟာသင်္ကြန် ဗဟိုမဏ္ဍပ် ပိတ်ပွဲအခမ်းအနား ကျင်းပ

နမ့်စန်()  ဧပြီ ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၄ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ယိမ်းအကပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် မဟာသင်္ကြန်ဗဟိုမဏ္ဍပ် ပိတ်ပွဲအခမ်းအနားကို သင်္ကြန်အတက်နေ့ ယမန်နေ့ည ၈ နာရီချိန်၌ အမှတ်() ရပ်ကွက် မြို့နယ်ခန်းမရှေ့ရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် ကျင်းပခဲ့ရာ နမ့်စန်တပ်နယ်မှ ဗိုလ်ချုပ်စိုးအောင်၊ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းနှင့် ခရိုင်အဆင့်ဌာနအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တာဝန်ရှိသူများက ဆုရရှိသည့် ယိမ်းအဖွဲ့များ၏ အမည်စာရင်းအား ဆုဖွင့်ဖောက် ကြေငြာပေးခဲ့ကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကိုကျင်းပရာ နှစ်သိမ့်ဆုရရှိသော ယိမ်းအဖွဲ့ (၇)ဖွဲ့ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး မျိုးနိုင်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ တတိယဆုရရှိသော အမှတ်(၄)ရပ်ကွက်မှ နွေကဗျာယိမ်းအဖွဲ့ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းက ဆုငွေ ငါးသိန်းကျပ်နှင့် ဆုဖလားကိုလည်းကောင်း၊ ဒုတိယဆုရရှိသော အမှတ်(၁)ရပ်ကွက်မှ မိုးနတ်သူဇာယိမ်းအဖွဲ့အား နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းက ဆုငွေခုနှစ်သိန်းကျပ်နှင့် ဆုဖလားကိုလည်းကောင်း၊ ပထမဆုရရှိသော အမှတ်(၅)ရပ်ကွက်မှ  ကုမုဒြာယိမ်းအဖွဲ့အား နမ့်စန်တပ်နယ်မှ ဗိုလ်ချုပ်စိုးအောင်က ဆုငွေ ၁၀ သိန်းကျပ်နှင့် ပထမဆုဖလားကိုလည်းကောင်း အသီးသီး ချီးမြှင့်ပေးခဲ့ကြပြီး ဆုရရှိသော ယိမ်းအဖွဲ့များက ပြိုင်ပွဲဝင်အကများဖြင့် ပြန်လည်ကပြ ဖျော်ဖြေခဲ့ကြသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများ၊ တာဝန်ရှိသူများနှင့် မဟာသင်္ကြန်ပွဲတော် ဖြစ်မြောက်ရေးကော်မတီဝင်များက “မန်းတောင်ရိပ်ခို”သီချင်းဖြင့် စုပေါင်းသီဆိုခဲ့ပြီး သင်္ကြန်ယိမ်းအဖွဲ့များက စုပေါင်းကပြဖျော်ဖြေ၍ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)