ဒဂုံမြောက် ဧပြီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ခရစ်နှစ် ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာအစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ပိတ်ပွဲကို ယနေ့ညနေ ၆ နာရီက အမှတ် (၃၇) ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီး၊ မဝတလမ်းဆုံအနီးရှိ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်မဏ္ဍပ်၌ ကျင်းပခဲ့သည်။
အဆိုပါရေကစားမဏ္ဍပ်ပိတ်ပွဲသို့ ဒဂုံမြို့သစ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်-(၂) ဒေါက်တာ ရွှေပြည်စိုး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်းနှင့် အဖွဲ့ဝင်များက ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်တွင် မြနန္ဒာသီချင်းဖြင့် ပျော်ရွှင်စွာ ရေကစားမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို ပိတ်သိမ်း၍ ရွှေမိုးငွေမိုးရွာသွန်းဖြိုးကာ နှစ်သစ်ကိုကြိုဆို ခဲ့ကြကြောင်းသိရသည်။
သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ရေကစားမဏ္ဍပ်တွင် နေ့စဉ်ယိမ်းအဖွဲ့များမှ ကပြဖျော်ဖြေခြင်း၊ တေးဂီဖြင့် ဖျော်ဖြေခြင်း၊ စတုဒိသာကျွေးမွေးခြင်းနှင့် ရေကစားကြသူများဖြင့် နေ့စဥ်စည်ကားလျက်ရှိပြီး ရပ်ကွက်များရှိ နေအိမ်များတွင်လည်း စေတနာအလှူရှင်များစုပေါင်း၍ စတုဒိသာကျွေးမွေး လှူဒါန်းခြင်းများဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြ ကြောင်းသိရသည်။
မြင့်မြင့်ရီ