တောင်ကြီး ဧပြီ ၁၇
မြန်မာ့ရိုးရာမဟာသကြင်္န်ပွဲတော်ယိမ်းအကပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲကို ယမန်နေ့ ညနေ့(၅)နာရီက တောင်ကြီးမြို့၊ သစ်တောရပ်ကွက် ရုံးကြီးလမ်း၌ ကျင်းပသည်။
ဦးစွာယိမ်းအကပြိုင်ပွဲမှ ဆုရရှိသည့် အဖွဲ့များအားဆုချီးမြှင့်ရာ ပဉ္စမ၊ စတုတ္ထ၊ တတိယဆု ရရှိသူများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးမှ ဆုများချီးမြှင့်ပေး၍လည်းကောင်း၊ ဒုတိယ၊ ပထမဆု ရရှိသည့် အဖွဲ့များအမှတ်ပေးအကဲဖြတ် ဒိုင်အဖွဲ့များ၊ ပွဲစပွဲဆုံးအခမ်းအနား တင်ဆက်ပေးသည့် အဖွဲ့များအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဆုများချီးမြှင့်ပေးကြသည်။
ဆက်လက်၍ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တောင်ကြီးမြို့ ဗဟိုမဏ္ဍပ်ပိတ်ပွဲ မြန်မာ့ နှစ်သစ်ကူးအကြို နှုတ်ခွန်းဆက်စကားကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ၂၀၂၄ ခုနှစ်၊ ဧပြီလ(၁၃)ရက်နေ့မှစတင်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပခဲ့သည့် ၁၃၈၅ ခုမှ ၁၃၈၆ ခုသို့ ကူးပြောင်းသည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် တွင်တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အားလုံးချစ်ခင်ရင်းနှီး စည်းလုံးညီညွတ်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည့် အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာ့ရိုးရာ မဟာအတာသင်္ကြန်ပွဲတော်ကို ယခုလိုအေးချမ်းသာယာ အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့သည်မှာ ရှမ်းပြည်အစိုးရအဖွဲ့၏ ကြိုးပမ်း ဆောင်ရွက်မှု တစ်ခုတည်းမဟုတ်ဘဲ ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး တစ်ဦးတစ်ယောက် မကျန်စိတ်ရောကိုယ်ပါ ဆန္ဒတူညီစွာဖြင့် အတူတကွပူးပေါင်းပါဝင်ခဲ့ကြလို့ ယခုလိုပျော်ပျော်ရွှင်ရွှင် အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မကြာမီအချိန်အတွင်း ရောက်ရှိလာတော့မည့် ၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်မှ စတင်ပြီး တိုင်းရင်းသားပြည်သူများအနေဖြင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် အတူမင်္ဂနှစ်သစ်မှာတိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စိတ်သစ်လူသစ်နှင့်တတ်စွမ်းသမျှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ပေးစေလို ကြောင်း ပြောကြားရင်း တောင်ကြီးမြို့ မြန်မာ့ရိုးရာမဟာသကြင်္န်ပွဲတော်ကြီးကို ပိတ်သိမ်း ကြောင်းလိုက်ကြောင်း သိရသည်။ ထို့နောက်ယိမ်းအကအဖွဲ့များ၊ နိုင်ငံကျော်အဆိုတော်များမှ မန်းတောင်ရိပ်ခိုသီချင်းဖြင့် စုပေါင်းကပြဖျော်ဖြေကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)