ထန်းတပင်(ရန်ကုန်) ဧပြီ ၁၇
မြန်မာ့သက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ဗဟိုမဏ္ဍပ်ပိတ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အမှတ်(၂) ရပ်ကွက်ရှိ ကုမုဒြာပန်းခြံရှေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးက နှစ်သစ်ဆုတောင်း အမှာစကားများ ပြောကြားခဲ့ပြီး အမှတ်(၈၂) ခြေမြန်တပ်ရင်း တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး နိုင်ဘိုဘို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ယိမ်းအဖွဲ့များနှင့် တေးဂီတအဖွဲ့တို့ အား ဂုဏ်ပြုဆုငွေများကိုချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ယိမ်းအဖွဲ့များမှ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် အပိတ်တေးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယိမ်းအဖွဲ့ များနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။
ထန်းတပင်မြို့နယ်အတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ဗဟိုရေကစား မဏ္ဍပ်တစ်ခုနှင့် အုန်းလက်ရေကစားမဏ္ဍပ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် ခဲ့ကြပြီး သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ဗဟိုမဏ္ဍပ်ရေကစားမဏ္ဍပ်တွင်လည်း နေ့စဉ်ယိမ်းအဖွဲ့များမှ ကပြဖျော်ဖြေခြင်း၊ အနုပညာရှင်များမှ တေးဂီဖြင့်ဖျော်ဖြေတင်ဆက်ခြင်း၊ စတုဒီသာကျွေးမွေးခြင်းနှင့် ရေကစားကြသူများဖြင့် နေ့စဥ်စည်ကားလျက်ရှိပြီး ရပ်ကွက်၊ ကျေးရွာများရှိ နေအိမ်များတို့တွင်လည်း စေတနာအလှူရှင်များစုပေါင်း၍ စတုဒိသာကျွေးမွေး လှူဒါန်းခြင်းများဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြ ကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)