ညောင်ရွှေမြို့နယ် အင်းလေးရေပေါ်မဟာသင်္ကြန် ပိတ်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး

ညောင်ရွှေ ဧပြီ ၁၇

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အင်းလေးရေပေါ်သင်္ကြန်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ (မဟာသင်္ကြန်အတက်နေ့) ညနေပိုင်းက အင်းလေးဒေသ မိုင်းသောက်ကျေးရွာအနီးရေပြင်ရှိ ရေလယ်ဧည့်ခန်းမ(အင်းလယ်ဗိုလ်တဲ) ရေကစားမဏ္ဍပ်၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်က အင်းလေးရေပေါ်သင်္ကြန်ပိတ်ပွဲ အမှာစကားပြောကြားပြီး ယိမ်းအကအဖွဲ့များက မန်းတောင်ရိပ်ခိုသီချင်းဖြင့် စုပေါင်းကပြကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဧည့်သည်တော်များက ပွဲတော်လာဧည့်သည်များ၊ ယိမ်းအကအဖွဲ့များကို အတာရေများ ဖြန်းပတ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ ကြောင်း သိရှိရသည်။

အင်းလေးရေပေါ်သင်္ကြန် နောက်ဆုံးနေ့ဖြစ်သည့် မဟာသင်္ကြန်အတက်နေ့တွင် ရေကစား သူများသည် စက်လှေများ၊ ရေကစားမဏ္ဍပ်နှင့် ရေကစားရန်သတ်မှတ်ထားသည့် ဖောင်များပေါ်မှနေ၍ အေးချမ်းပျော်ရွှင်စွာ ရေကစားခဲ့ကြသည်။ အင်းလေးရေပေါ်သင်္ကြန်သို့ လာရောက်လည်ပတ်ရေကစားကြသည့် ဒေသခံပြည်သူများနှင့် ခရီးသွားဧည့်သည်များကို ယိမ်းအကအဖွဲ့များမှ အကများ၊ ဧည့်သည်တေးသံရှင်များနှင့် ဒေသခံတေးသံရှင်များမှ တေးသံသာများဖြင့် ကပြသီဆို ဖျော်ဖြေခဲ့သည့်အပြင် အလှူရှင်များကလည်း စတုဒိသာများ ကျွေးမွေးခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ