မုဒုံ ဧပြီ ၁၆
မွန်ပြည်နယ် မုဒုံမြို့နယ် မြို့မ (၁) ရပ်ကွက် ရာမညနိကာယ ဝီရိယပါရမီကျောင်းတိုက်တွင် တည်ထားကိုးကွယ်မည့် ”အနန္တဇိန ဆုတောင်းပြည့်”စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျောင်းဝင်းအတွင်း၌ ကျင်းပသည်။
ရှေးဦးစွာ ဆရာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်မြို့နဂါးမောက် စေတီတော်မြတ်ကြီးနှင့် မြဆည်းဆာပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် သဒ္ဒမ္မဇောတိကဓဇဘဒ္ဒန္တနရိန္ဒထံမှ ငါးပါးသီလခံယူဆောက တည်ကြသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်တို့က ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူ၍ ဧည့်ပရိသတ်အပေါင်းတို့က နာယူကြည်ညိုခဲ့ကြပြီး မွန်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းနှင့် တာဝန်ရှိသူများ၊ အလှူရှင်မိသားစုတို့က စေတီတော်မြတ်တွင်တင်လှူပူဇော်မည့် စိန်ဖူးတော်၊ငှက်မြတ်နားတော်၊ ရွှေထီးတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် ဆရာတော်ကြီးထံမှ အနုမောဒနာတရား နာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ စေတီတော်ပေါ်သို့တင်လှူပူဇော်မည့် စိန်ဖူးတော်မြတ်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်မြတ်တို့အားစေတီတော်၏ လက်ယာရစ်သုံးပတ် လှည့်လည်ပင့်ဆောင်ပူဇော်၍ မင်္ဂလာအချိန်တွင်ပန်းရထားဖြင့် တာဝန်ရှိသူများက စေတီတော်အထွဋ်သို့ တင်လှူပူဇော်ကြပြီး အမွှေးနံသာရည်များပက်ဖြန်းကာ ရတနာရွှေမိုးငွေမိုး များရွာသွန်းဖြိုး၍ တက်ရောက်လာသော ဧည့်ပရိသတ်များအား စတုဒိတာဖြင့်ကျွေးမွေးဧည့်ခံလှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)