စဉ့်ကိုင်မြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ယိမ်းအဖွဲ့များအား ဆုပေးပွဲအခမ်းအနား ကျင်းပ

စဉ့်ကိုင် ဧပြီ ၁၆

၁၃၈၅ခုနှစ်  မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ ရိုးရာမပျက် မြန်မာမှု၊ မြန်မာ့ဟန်များ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအနှစ်သာရများ၊ အမျိုးသားရေး စရိုက်လက္ခဏာများကို  ဆက်လက်ထိန်းသိမ်းစောင့်ရှောက်တတ်ကြစေရန်၊ ပြည်သူများကိုယ်စိတ်နှစ်ပါး ရွှင်လမ်းချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲတော်ကို ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲနိုင်ရန်နှင့် ပြည်သူများ မိမိတို့ပင်ပန်းနွမ်းနွယ်သမျှကို အတာရေပက်ဖျန်းလန်းဆန်းစေခြင်းဖြင့် နိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ရန်အောင်မြင်ရပ်ကွက်၊ မြသီတာပန်းခြံအတွင်း ဗဟိုမဏ္ဍပ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ယိမ်းအကပြိုင်ပွဲကို ကျင်းပခဲ့ရာ ပြိုင်ပွဲတွင်ဆုရရှိသူများအား ယနေ့ အတက်နေ့နံနက် (၁၀)နာရီက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်၊ အဖွဲ့၀င်(၁) ဗိုလ်မှူးပြည့်ဖြိုးအောင်၊ အတွင်းရေးမှူးရဲမှူးသိန်းလွင်နှင့် အဖွဲ့၀င်များ၊ မဟာသင်္ကြန်ဖြစ်မြောက်ရေးကော်မတီ၀င်များ၊ ဌာနဆိုင်ရာမှ တာ၀န်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သင်္ကြန်ယိမ်းအဖွဲ့များ၊ သင်္ကြန်ချစ်သည့်ပရိတ်သတ်များ တက်ရောက်ခဲ့ကြသည်။

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ကျောက်ဆည်တက္ကသိုလ်၊ ရပ်ကွက်/ကျေးရွာများမှ ယိမ်းအဖွဲ့ (၁၀)ဖွဲ့ ပါ၀င်ယှဉ်ပြိုင်ခဲ့ကြရာ သပြေရိုး အ.လ.က ယိမ်းအဖွဲ့(ပထမ)၊ တရုတ်စုရပ်ကွက်ယိမ်းအဖွဲ့(ဒုတိယ)၊ ရွာနိုင်ရပ်ကွက်ယိမ်းအဖွဲ့(တတိယ)နှင့် နှစ်သိမ့်ဆုရရှိသည့်ယိမ်းအဖွဲ့များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ထို့နောက် ဆုရရှိသည့် ယိမ်းအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတအဖွဲ့များ၊ အဆိုဝါသနာရှင်များက ဧည့်ခံဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)