ကျိန္တလီ ဧပြီ ၁၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ ဘုန်းတော်ကြီးကျောင်းများ၌ မဟာသင်္ကြန်အတက်နေ့ ယနေ့နံနက် (၈)နာရီအချိန်တွင် ဥပုသ်သီလဆောက်တည်သူများ၊ ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
၁၃၈၅ ခုနှစ် မဟာသင်္ကြန်အတက်နေ့၌ ကျိန္တလီမြို့အတွင်းရှိ လယ်တီတောင်ပေါ် ဘုန်းတော်ကြီးကျောင်း၊ မြို့မဘုန်းတော်ကြီးကျောင်း၊ သီရိမင်္ဂလာမဟာဝိဟာရဘုန်းတော်ကြီးကျောင်း၊ စိတ္တသုခဘုန်းတော်ကြီးကျောင်း၊ မြို့ဦးတောင် ဘုန်းတော်ကြီးကျောင်းနှင့် ကျိန္တလီဖားအောက်တောရကျောင်းများတွင် ဆရာတော်များထံမှ ဥပုသ်သီလခံယူဆောက်တည်ကြပြီး အလှူရှင်များကလည်း လက်ဖက်ရည်နှင့် မုန့်အဟာရတို့ဖြင့် လှူဒါန်းခြင်း၊ ဘုရား၊ စေတီ၊ ပုထိုးများတွင် တရားဘာဝနာပွားများခြင်း၊ တရားထိုင်ခြင်း၊ ရေ၊ ဆီမီးထွန်းညှိပူဇော်ခြင်း ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် စည်ကားလျက်ရှိသည်။ ယခုလို ဥပုသ်သီလဆောက်တည်ခြင်းကြောင့် မိမိစိတ်တွင်ကြည်လင်တည်ငြိမ်မှုများရရှိကြောင်း ဥပုသ်သီလဆောက်တည်သူ ဦးမောင်မောင်နိုင်က ပြောပြသည်။
ထို့အပြင် ကျိန္တလီမြို့အနီးတဝိုက်ရှိ ကျေးရွာများတွင်လည်း မဟာသင်္ကြန်အတက်နေ့ ဘုန်းတော်ကြီးကျောင်းများ၌ ဥပုသ်သီတင်းဆောက်တည်သူများ၊ ကောင်းမှုကုသိုလ်ပြုလုပ်သူများ၊ အလှူဒါနပြုလုပ်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ကျိန္တလီ(ပြန်/ဆက်)