ငါန်းဇွန်မြို့နယ်၌ မြန်မာ့ရိုးရာအတာသင်္ကြန်ကာလတွင် ဗုဒ္ဓအဆုံးအမတရားတော်နှင့်အညီ ဝိပဿနာတရားစခန်းများ ကျင်းပ

ငါန်းဇွန် ဧပြီ ၁၆

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၌ မြန်မာ့ရိုးရာအတာသင်္ကြန်ကာလအတွင်း ဗုဒ္ဓအဆုံးအမတရားတော်နှင့်အညီ ဝိပဿနာတရားစခန်းများ ကျင်းပပြုလုပ်ခဲ့ရာ ငါန်းဇွန်မြို့၊ တောရကျောင်းတိုက်၊ မဟာစည်ဝိပဿနာတရားစခန်းကို တန်ခူးလဆန်း (၃) ရက် မှ(၈) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မဟာစည်ဝိပဿနာ (၇) ရက်တရားစခန်းကို တောရကျောင်းတိုက် ကျောင်းထိုင်ဆရာတော် အရှင်သီဟဉာဏာလင်္ကာရမှ ပဓာနနာယက ပြုလုပ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး တရားစခန်းကို သံဃာတော် (၄၀)ပါး၊ ယောဂီအမျိုးသား (၇)ဦး၊ ယောဂီအမျိုးသမီး (၃၅)ဦး၊ စုစုပေါင်းတရားစခန်းသို့ ဝင်ရောက်ကျင့်ကြံသူ (၈၂)ဦးရှိကြောင်း သိရသည်။

ဝိပဿနာတရားစခန်းသို့ လာရောက်တရားပွားများကျင့်ကြံသူ ယောဂီသူတော်စင်များအား နေ့စဉ် တရားကျင့်ကြံချိန် လေးကြိမ်သတ်မှတ်ပြီး ဆရာတော်ကိုယ်တိုင် တရားစစ် ကြီးကြပ်သင်ပြပေးခဲ့ကြောင်း သိရသည်။ ဝိပဿနာတရားစခန်းကာလအတွင်း အာရုဏ်ဆွမ်း၊ နေ့ဆွမ်း အလှူရှင် (၁၆) ဦးရှိပြီး ဓမ္မပူဇာအလှူရှင် (၃၇)ဦးမှလည်း အလှူငွေ (၃၂၉၀၀၀)ကျပ် ပါဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။

ယနေ့ နေ့ဆွမ်းအလှူရှင်အဖြစ် ငါန်းဇွန် (အ-ထ-က) ၂၀၀၇-၂၀၀၈ ကျောင်းသား/ကျောင်းသူ သူငယ်ချင်းတစ်စုမှ ဆွမ်းနှင့် ချိုချဉ်ခဲဖွယ်ဘောဇဉ်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)