ရန်ကုန် ဧပြီ ၁၆
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ကောင်းမှုကုသိုလ်ပြုသူများ၊ ဥပုသ်သီလခံယူ ဆောက်တည်သူများ၊ ရေကစားသူများ၊ စတုဒိသာကျွေးမွေးသူများဖြင့် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အတက်နေ့ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
၁၃၈၅ ခုနှစ် မဟာသင်္ကြန်ပွဲတော်အား မြန်မာမှု မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု အနှစ်သာရများ ပပျောက်မှုမရှိစေရေးနှင့် ဆက်လက်ထိမ်းသိမ်းစောင့်ရှောက်နိုင်ရေးတို့အတွက် ရိုးရာဓလေ့ထုံးတမ်း များနှင့်အညီ နိုင်ငံတစ်ဝှမ်း စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ သင်္ကြန်အတက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဗိုလ်တထောင်မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ တိုက်ကြီးမြို့နယ်၊ သုံးခွမြို့နယ်၊ ဒလမြို့နယ်၊ တွံတေးမြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ အလုံမြို့နယ်၊ လှည်းကူးမြို့နယ်၊ လသာမြို့နယ်၊ တာမွေမြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့တွင် ရေကစားသူများ၊ စတုဒိသာ ကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိပြီး ဗဟိုမဏ္ဍပ်များ၌ ယိမ်းအဖွဲ့များနှင့် ဖျော်ဖြေရေးအဖွဲ့များက အလှည့်ကျ ဖျော်ဖြေပေးလျက်ရှိရာ ပြည်သူများက မဟာသင်္ကြန်ပွဲတော်အား ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
(ပြန်/ဆက်)