တပ်ကုန်းမြို့နယ်၌ သင်္ကြန်အတက်နေ့တွင် ဥပုသ်သီလစောင့်သူများနှင့် ကုသိုလ်ကောင်းမှုပြုသူများ၊ ရေကစားသူများဖြင့်စည်ကား

တပ်ကုန်း ဧပြီ ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး (သင်္ကြန်အတက်နေ့) ဧပြီ ၁၆ ရက်နေ့တွင် ရပ်ကွက်၊ ကျေးရွာများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလခံယူစောင့်သူများနှင့် ကုသိုလ်ကောင်းမှုပြုလုပ်သူများ၊ ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်အတွင်းမှ ရပ်ကွက်၊ ကျေးရွာများမှ သီလဆောက်တည်သည့် ပြည်သူများက မိမိတို့၏ ကိုးကွယ်သော ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလခံယူစောင့်တည်ခြင်း၊ ရေကစားသူ၊ ရေပက်ခံထွက်သူများက နေပြည်တော်လမ်းလျှောက်သင်္ကြန်နှင့် ရပ်ကွက်၊ ကျေးရွာ ရေကစား မဏ္ဍပ်ငယ်များတွင် အေးချမ်းပျော်ရွှင်စွာ ရေကစားခြင်း၊ တစ်ဦးချင်းစေတနာရှင်နှင့် အစုအဖွဲ့စေတနာရှင်များက  မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ကြာဇံကြော်၊ ရွှေရင်အေး၊ ကြာဇံ ဟင်းခါး၊ မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ ထမင်းချဉ်၊ ထမင်းနှင့် ဟင်းများကို စတုဒိသာအဖြစ် လမ်းဆုံ၊ လမ်းဘေးနှင့်အိမ်ရှေ့များတွင် ကျွေးမွေးလှူဒါန်းကြကြောင်း သိရပြီး နှစ်ဆန်းတစ်ရက် နေ့တွင် သံဃာတော်များက မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လှည့်လည်၍ ပရိတ်တရား တော်များရွတ်ဆိုမည်ဖြစ်ကြောင်း  သိရသည်။

တင်စိုးလွင်