ကျောက်ဆည် ဧပြီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ဆည်မြောင်းချောင်းကန်ပေါများပြီး ရှမ်းကုန်းမြင့်ဒေသနှင့်ထိဆက်လျက်ရှိကြောင်းနှင့် ကျောက်ဆည်မြို့နယ်အတွင်းသို့ စတင်ဝင်ရောက်စီးဆင်းလျက်ရှိသည့် ကင်းကျေးရွာအနီး ဆင်ခေါင်းတော်ခြေတွင်ရှိသော ဇော်ဂျီမြစ်အပန်းဖြေစခန်းတွင် ယနေ့နံနက်ပိုင်းတွင် ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်ရေကစားအပန်းဖြေအနားယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ လာရောက်အပန်းဖြေများသည် ဇော်ဂျီမြစ်အတွင်း ရေကစားခြင်း၊ ရေချိုးခြင်း၊ စက်လှေစီးခြင်း၊ အလှမှတ်တမ်းဓာတ်ပုံများရိုက်ကူးခြင်း၊ အမှတ်တရပစ္စည်းများ ဝယ်ယူခြင်းများကို မိသားစုအဖွဲအလိုက်သော်လည်းကောင်း၊ သူငယ်ချင်းအပေါင်းအသင်းများစုဖွဲ့၍လည်းကောင်း ပျော်ရွှင်စွာအပန်းဖြေအနားယူကြရာ လာရောက်အပန်းဖြေသူများ အေးချမ်းပျော်ရွှင်စွာ အနားယူနိုင်ရေး၊ လုံခြုံမှုရှိစေရေး၊ မြစ်ကမ်းတစ်လျှောက် သန့်ရှင်းသာယာလှပစေရေးနှင့် ဈေးဆိုင်ခန်းများ စည်းကမ်းလိုက်နာမှုရှိစေရေးတို့အတွက် ဒေသခံများနှင့် တာဝန်ရှိသူများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ဆင်ဂေါင်တောင်အပန်းဖြေစခန်းသို့ လာရောက်အပန်းဖြေမည်ဆိုပါက ရန်ကုန်-မန္တလေး ကားလမ်းကြီးမှတစ်ဆင့် ခွဲထွက်၍ ဟန်မြင့်မိုရ်-ရွာငံ-တောင်ကြီးလမ်းမကြီးအတိုင်း ဆက်လက်သွားရမည်ဖြစ်ပြီး ကျောက်ဆည်မြို့နယ် ကင်းကျေးရွာအလွန်ရောက်ရှိပါ ဆင်ဂေါင်တောင်အပန်းဖြေစခန်းသို့ ရောက်ရှိမည်ဖြစ်ပြီး စိတ်အပန်းဖြေမှုများပြုလုပ်နိုင်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)