ဟိုပင် ဧပြီ ၁၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့တွင် ယမန်နေ့ နံနက် ၂ နာရီဝန်းကျင်ခန့်က ထင်းမီးဖြင့် ဝက်စာကျိုချက်ရာမှတစ်ဆင့် လူနေအိမ်နှစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ မြဇေယျာရပ်ကွက်၊ စက်ကုန်းရပ်နေ ဒေါ်ဆိုင်းတောင်၊ (၅၄)နှစ်၏ နေအိမ်မီးဖိုချောင်အတွင်း ထင်းမီးဖြင့် ဝက်စာကျိုချက်ထားပြီး အိပ်ပျော်နေစဉ် မီးဖိုချောင်ထရံအား မီးစတင်ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားနေကြောင်း ဆက်သွယ်အကြောင်းကြားလာသဖြင့် နံနက် (၂)နာရီ မိနစ်(၂၀) အချိန်တွင် မီးလောင်မှုဖြစ်ပွားရာနေရာသို့ ဟိုပင်မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည့်ဖြိုးအောင်နှင့် အဖွဲ့ဝင်များ ဟိုပင်မြို့ မီးသတ်စခန်းမှ ဒုတိယဦးစီးမှူး ဦးသိန်းကျော်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ်(၁)စီးနှင့်အတူ ရပ်ကွက်နေ ပြည်သူတို့မှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြရာ နံနက် ၃ နာရီခွဲအချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၄ နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
၎င်းမီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၂ လုံး မီးလောင်းကျွမ်းခဲ့ပြီး လူနှင့် တိရိစ္ဆာန်များ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်ကျွမ်းမှုနှင့်ပက်သက်၍ မီးပေါ့ဆစွာအသုံးပြုသူအား ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးသန္တာဦး