မိုင်းယုမြို့တွင် မြန်မာ့နှစ်ကူး သင်္ကြန်အတက်နေ့၌ (၁၈)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

မိုင်းယု ဧပြီ ၁၆

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် မြန်မာ့နှစ်ကူးသင်္ကြန်အတက်နေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းက (၁၈)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို မြို့မရပ်ကွက်၊ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းရှိ ဓမ္မလင်္ကာရကျောင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ဖွင့်လှစ်ခဲ့ပြီး ဆရာတော် အရှင်သူမြတ်များက ငါးပါးသီလပေးခြင်း၊ ဓမ္မစကြာအဖွဲ့မှ နတ်ပင့်ဖိတ်ခြင်း၊ ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ခြင်းနှင့် တက်ရောက်လာကြသည့် မြို့နယ်(ခေတ္တ)အုပ်ချုပ်ရေးမှူး ဦးရှိုင်ပိုင်မှူး၊ နယ်မြေခံစခန်းမှူး ရဲအုပ် နိုင်နိုင်ဝင်း၊ ဓမ္မစကြာအဖွဲ့နှင့်တကွ ဓမ္မမိတ်ဆွေသူတော်ကောင်းတို့မှ ပဋ္ဌာန်းပစ္စယုဒ္ဒေကို သံပြိုင်ရွတ်ဆိုကာ (၁၈)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဆရာတော်အရှင်သူမြတ်တို့က စတင်ရွတ်ဖတ်ပူဇော်ကြကြောင်းနှင့် ယင်းအသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ခြင်းကို တန်ခူးလဆန်း ၈ ရက်နေ့ နံနက်ပိုင်းမှ မဟာပဋ္ဌာန်းများကို စတင်ရွတ်ဖတ်ပြီး တန်ခူးလဆန်း ၉ ရက်နေ့ ယနေ့ နံနက် ၉ နာရီအချိန်တွင် ပဋ္ဌာန်းသိမ်းအောင်ပွဲကို အောင်မြင်စွာပြီးမြောက်မည်ဖြစ်ကြောင်း သိရသည်။

အလားတူ ပဋ္ဌာန်းသိမ်းအောင်ပွဲအပြီးတွင် (၂၂)ကြိမ်မြောက် အသက်(၇၅)နှစ်အထက် သက်ကြီးပူဇော်ပွဲကို ဆက်လက်ကျင်းပမည်ဖြစ်ပြီး မွန်းလွဲပိုင်းတွင် ဆရာတော်အရှင်သူမြတ်များက နှစ်ဟောင်းကုန်၍ နှစ်သစ်ကိုကြိုဆိုသည့် မြန်မာ့နှစ်ဆန်းတစ်ရက်နေ့၌ နှစ်သစ်ကို စိတ်သစ်ဖြင့် ဖြတ်သန်းနိုင်ရန်၊ လူမှုစီးပွားဖွံ့ဖြိုးလာစေရန်နှင့် ဘေးအန္တရာယ်ခပ်သိမ်းကင်ဝေးကြစေရန်အတွက် အန္တရာယ်ကင်းပရိတ်တရားတော်များကို သတ်မှတ်နေရာများ၌ လိုက်လံနာကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုနိုင်