မိုင်းပန် နိုဝင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံသို့ လာရောက်၍ ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်များအား အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေး မဲဆန္ဒရှင်သက်သေခံ လက်မှတ်နှင့် နှာခေါင်းစည်း KN 95(Mask) များအား ယနေ့ နံနက် ပိုင်းကစ၍ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များ၏ လက်ဝယ်အရောက် မြေပြင်ကွင်းဆင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့သို့ပေးအပ်ရာတွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့်အတူ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မင်းဆွေ၊ မြို့နယ် ကော်မရှင်အရာရှိ ဒေါ်နန်းဆွယ်ငင်းတို့ လိုက်ပါ၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် မြေပြင်ကွင်းဆင်းပေးအပ်ခဲ့ကြောင်းနှင့် မဲဆန္ဒရှင်များအနေဖြင့် ဆန္ဒမဲလာရောက်ပေးရာတွင် မဲဆန္ဒရှင် သက်သေခံလက်မှတ်ယူဆောင်လာခြင်းဖြင့် မိမိ၏ အမည်စာရင်းကို မြန်မြန်ဆန်ဆန်ရှာနိုင်သောကြောင့် ဆန္ဒမဲပေးရာတွင် လွယ်ကူ လျှင်မြန်စေမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင်သက်သေခံလက်မှတ်ကို မိုင်းပန်မြို့နယ်အတွင်းရှိ ဆန္ဒမဲမပေးရသေးသည့် မဲဆန္ဒရှင်များ အားလုံးထံသို့ အချိန်မီပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် မဲရုံသို့လာရောက်ရာတွင် လည်း နှာခေါင်းစည်း (Mask) တပ်ဆင်၍ လာရောက်ကြစေရန်အတွက် မဲဆန္ဒရှင်တစ်ဦးလျှင် နှာခေါင်းစည်း KN 95 (Mask) (၁) ခုနှုန်း ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းပန်မြို့နယ်မဲဆန္ဒနယ်အတွင်းတွင် မဲဆန္ဒရှင်ဦးရေ စုစုပေါင်း (၁၃၃၄၆) ဦးရှိပြီး နိုဝင်ဘာလ (၅) ရက်နေ့ အထိစာရင်းများအရ ကြိုတင်ဆန္ဒမဲပေးသူ စုစုပေါင်း(၄၇၁၅)ဦး ရှိပြီးဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သတင်းရရှိသည်။
ဆန်းမြင့်(ပြန်/ဆက်)