မာန်အောင်မြို့တွင် မဟာသင်္ကြန်အကြတ်နေ့၌ ရန်အောင်မြင်စေတီတော်ဝင်းအတွင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

မာန်အောင် ဧပြီ ၁၆

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် မဟာသင်္ကြန်အကြတ်နေ့၌ ရန်အောင်မြင်စေတီတော်ဝင်းအတွင်း နှစ်စဥ်ကျင်းပမြဲဖြစ်သော ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ရန်အောင်မြင်စေတီတော်ဂေါပကအဖွဲ့မှ စီစဥ်မှုဖြင့် ယမန်နေ့ညနေ ၄ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မြို့မကျောင်းကြီးမှ သံဃာတော်အရှင်သူမြတ်တို့အား အမှူးပြုပြီး ပင့်သံဃာတော်များနှင့် ရှင်သာမဏေများ၊ သီလရှင်များ စုစုပေါင်း (၇၈)ပါးတို့က ရန်အောင်မြင်စေတီတော်မြတ်ကြီးအား လက်ယာရစ်နှစ်ပတ်လှည့်လည်၍ အလှူခံရာ စေတနာရှင်၊ အလှူရှင်ပြည်သူများက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္တုများကို လောင်းလှူခဲ့ကြသည်။

ထို့နောက် ရန်အောင်မြင်စေတီတော်အရှေ့ဘက်တန်ဆောင်းတွင် စေတနာရှင်၊ အလှူရှင်များကမြို့မကျောင်းကြီဆရာတော် ဘဒ္ဒန္တစန္ဒ(မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ)ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များထံမှ ပရိတ်တရားတော်မြတ်ကိုနာယူကာ လှူဒါန်းမှုအစုစုတို့အား ရေစက်ချသွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)