မြစ်ကြီးနား ဧပြီ ၁၆
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့၌ ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အကြတ်နေ့၌ ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်တို့တွင် ရေကစားသူများ၊ လည်ပတ်သူများဖြင့် ယခင်နေ့များထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရေသဘင်မဏ္ဍပ်များသို့ သွားရောက်ပြီး သင်္ကြန်ချစ်သူပြည်သူများနှင့်အတူ ပျော်ရွှင်စွာဆင်နွှဲခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်တို့သည် မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်နှင့် အမှတ်(၇၃)အုပ် တပ်နယ်မိသားစုများအတာရေသဘင်မဏ္ဍပ်သို့သွားရောက်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ရာဇာထွန်းနှင့်ဇနီး၊ မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်သိန်းထူးနှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ တပ်နယ်မိသားစုများနှင့်အတူ ရေသဘင်မဏ္ဍပ်၌ တပ်နယ်အသီးသီးမှ ယိမ်းအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြသည့် ယိမ်းအဖွဲ့များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နံ့သာရေသပြေခက်ဖြင့် အတာရေကို ပက်ဖျန်းပေးကြသည်။
ဆက်လက်၍ မဏ္ဍပ်တွင် ခေတ်ပေါ်တေးသီချင်းများ သီဆိုဖျော်ဖြေမှုများ၊ ယိမ်းအကအလှများ၊ ခေတ်ပေါ်တေးသီချင်းသရုပ်ဖော်အကများဖြင့် သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများသည် တပ်မတော်အရာရှိကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တပ်နယ်မိသားစုများနှင့်အတူ ရေသဘင်ပွဲတော်ကို တစ်ပျော်တစ်ပါး ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဗဟိုမဏ္ဍပ်သို့ သွားရောက်ပြီး ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့တွင် ရေကစားသူများ၊ လာရောက်လည်ပတ်သူများ၊ သင်္ကြန်ချစ်များဖြင့် စည်ကားသိုက်မြိုက်မှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဗဟိုမဏ္ဍပ်၌ ယိမ်းအကအလှများ၊ ခေတ်ပေါ်တေးသီချင်းအကအလှများဖြင့် သီဆိုဖျော်မှုများကို သင်္ကြန်ချစ်သူများ၏ တစ်ခဲနက်အားပေးမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့အပြင် မွန်းလွဲပိုင်းတွင်လည်း ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့် ဗဟိုမဏ္ဍပ်တွင် ယိမ်းအကအလှများ၊ ခေတ်ပေါ်တေးသီချင်းသီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့အတူ ဆမားလမ်းမပေါ်ရှိ ဌာနဆိုင်ရာများနှင့် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ၏ ရေကစားမဏ္ဍပ် (၅)ခုတို့တွင်လည်း မဟာသင်္ကြန်အကြတ်နေ့တွင် ခေတ်ပေါ်တေးသီချင်းဂီတများ၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို လာရောက်လည်ပတ်ကြသူများဖြင့် အထူးစည်ကားလျက်ရှိသည့်အပြင် လမ်းလျှောက်သင်္ကြန်ပြုလုပ်သည့် လမ်းပေါ်ရှိ စတုဒီသာမဏ္ဍပ်များတွင်လည်း ဌာနဆိုင်ရာများက နံနက်၊ နေ့လယ်(၂)ကြိမ် သင်္ကြန်ပွဲတော်လာရောက်သူများအား ဧည့်ခံကျွေးမွေးလျက်ရှိပြီး မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များတွင်လည်း ရေပက်ကစားသူများဖြင့် ယခင်နေ့များထက် အထူးစည်ကားလျက်ရှိသည်။
အလားတူ မဟာသင်္ကြန်အကျနေ့ ညနေပိုင်းကလည်း ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများသည် ဝန်ကြီးဌာနကိုယ်စားပြုယိမ်းအဖွဲ့များနှင့် မြို့ပေါ်ရပ်ကွက်ယိမ်းအဖွဲ့ (၁၁)ဖွဲ့၏ ကိုယ်ပိုင်သံစဉ်/ စာသား၊ CD/ ဆိုင်းဝိုင်းဖြင့် ယှဉ်ပြိုင်မှုများ၊ CD တေးသီချင်းဖြင့် ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ယိမ်းအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)