နေပြည်တော်ကောင်စီသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် အလှူငွေများလာရောက်လှူဒါန်း

နေပြည်တော် နိုဝင်ဘာ ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်အသုံးပြုနိုင်ရန်အတွက် အလှူငွေပေးအပ် လှူဒါန်းခြင်းကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံးဧည့်ခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီ ခေတ္တဥက္ကဋ္ဌ  နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဦးတင်ထွန်း၊ ဦးအေးမောင်စိန်၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

လှူဒါန်းပွဲတွင် မြန်မာအပြည်ပြည်ဆိုင်ရာ အတိုင်ပင်ခံ အင်ဂျင်နီယာများအဖွဲ့(နေပြည်တော်)မှ အလှူငွေ ကျပ်(၁၀)သိန်းကို လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်နေ ဦးလှဌေးနှင့်ဇနီး ဒေါ်ယဉ်ယဉ်ထူး၊ သမီး မငြိမ်းသက်စု မိသားစုမှ အလှူငွေကျပ်တစ်သိန်းကိုလည်းကောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် လှူဒါန်းကြရာ နေပြည်တော်ကောင်စီ ခေတ္တဥက္ကဋ္ဌ  နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့သည်။

အဆိုပါလှူဒါန်းမှုများကို နေပြည်တော်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိရောက်စွာအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ဒက္ခိဏခရိုင်ပြန်/ဆက်)