တပ်ကုန်း ဧပြီ ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်အကြတ်နေ့တွင် ရပ်ကွက်၊ ကျေးရွာများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလခံယူဆောက်တည်သူများနှင့် ကောင်းမှုကုသိုလ်ပြုလုပ်သူများ၊ ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
တပ်ကုန်းမြို့နယ် ရပ်ကွက်၊ ကျေးရွာများမှ သီလဆောက်တည်သည့် ပြည်သူများက မိမိတို့၏ ကိုးကွယ်သော ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလခံယူဆောက်တည်ခြင်း၊ ရေပက်ခံထွက်သူ၊ ရေကစားသူများက နေပြည်တော်လမ်းလျှောက်သင်္ကြန်နှင့်ရပ်ကွက်၊ ကျေးရွာ ရေကစားမဏ္ဍပ်ငယ်များတွင် အေးချမ်းပျော်ရွှင်စွာ ရေကစားခြင်း၊ တစ်ဦးချင်းစေတနာရှင်နှင့်အစုအဖွဲ့ စေတနာရှင်များက မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ကြာဇံကြော်၊ ရွှေရင်အေး၊ ကြာဇံဟင်းခါး၊ မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ ထမင်းချဉ်၊ ထမင်းနှင့်ဟင်းများကို စတုဒိသာအဖြစ် လမ်းဆုံ၊ လမ်းဘေးနှင့် အိမ်ရှေ့များတွင် ကျွေးမွေးလှူဒါန်းကြကြောင်း သိရပြီး၊ နှစ်ဆန်းတစ်ရက်နေ့တွင် သံဃာတော်များက မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လှည့်လည်၍ ပရိတ်တရားတော်များ ရွတ်ဆိုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်