ကျိန္တလီ ဧပြီ ၁၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ ကြွေချိုင်ကျေးရွာ စန္ဒာရာမိကဓမ္မကထိက ဘုန်းတော်ကြီးကျောင်း၌ မဟာသင်္ကြန်အကြတ်နေ့ ယနေ့နံနက် (၈) နာရီအချိန်တွင် ဥပုသ်သီတင်းဆောက်တည်သူများ၊ ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဥပုသ်သီလဆောက်တည်ရာတွင် နှစ်သစ်ကူးသင်္ကြန်ဥပုသ်ရက်များနှင့် ဝါတွင်းကာလများအပြင် ဥပုသ်နေ့များတိုင်း အမြဲသီလစောင့်ထိန်းကြောင်း၊ ဥပုသ်သည်များအတွက် မဟာသင်္ကြန်အကြိုနေ့မှစ၍ နှစ်ဆန်းတစ်ရက်နေ့အထိ စတုဒိသာဆွမ်းများ၊ အခြားအာဟာရကုသိုလ်ရှင်များနှင့် စည်ကားလျက်ရှိသည်။ယခုလို ဥပုသ်သီလဆောက်တည်ခြင်းကြောင့် အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော သီလကိုခံယူဆောက်တည်၍ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်စသောအာရုံများကို အာရုံပြုကာ (ဘာဝနာ) ပွားလျက် အကုသိုလ်စိတ်များ မဖြစ်စေဘဲ စိတ်စင်ကြယ်အောင် စောင့်စည်းနေထိုင်ကြောင်းနှင့် မိမိစိတ်တွင် ကြည်လင်တည်ငြိမ်မှုများရရှိကြောင်းဥပုသ်သီဆောက်တည်သူ ဒေါ်လှတင်က ပြောပြသည်။
ထို့အပြင် ကျိန္တလီမြို့နှင့်ကျိန္တလီမြို့အနီးတဝိုက်ရှိကျေးရွာများတွင်လည်း မဟာသင်္ကြန်အကြတ်နေ့ ဘုန်းတော်ကြီးကျောင်းများ၌ ဥပုသ်သီတင်းဆောက်တည်သူများ၊ ကောင်းမှုကုသိုလ်ပြုလုပ်သူများ၊ အလှူဒါနပြုလုပ်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ကျိန္တလီ(ပြန်/ဆက်)