ပုဂံခေတ်မှ ပင်းယခေတ်အတွင်း အနုပညာလက်ရာများ တစ်စုတစ်ဝေးတည်းရှိသည့် ရွှေဂူကြီးစေတီတော်ကြီးသို့ မဟာသင်္ကြန်ရက်ရှည် ရုံးပိတ်ရက်များတွင် ဘုရားဖူးပြည်သူများ လာရောက်လေ့လာနိုင်

ကျောက်ဆည် ဧပြီ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ အနော်ရထာမင်းကြီးလက်ထက်တွင် ဆည်၊ မြောင်း၊ ချောင်း၊ ကန်၊ ဘုရား၊ ပုထိုးစေတီများကို နေရာအနှံအပြားတွင် တည်ဆောက်ခဲ့ပြီး ပုဂံခေတ် အေဒီ ၁၁ ရာစုမှ ပင်းယခေတ် အေဒီ ၁၄ ရာစုအတွင်း အနုပညာလက်ရာများ တစ်စုတစ်ဝေးတည်းနှင့် အပြည့်စုံဆုံးစုဝေးတည်ရှိရာ ရွှေဂူကြီးစေတီတော်ကြီးသို့ မဟာသင်္ကြန်ရက်ရှည် ရုံးပိတ်ရက်များတွင် ဘုရားဖူးပြည်သူများအနေဖြင့် လာရောက်လေ့လာနိုင်ပါသည်။

ရွှေဂူကြီးစေတီတော်ကြီးသည် ကျောက်ဆည်မြို့နှင့် တံတားဦးမြို့ချင်းဆက်လမ်းဘေး ကြောင်ပန်းကုန်းအုပ်စု၊ ညောင်ပင်ဇောက်ကျေးရွာတွင်တည်ရှိပြီး ပထမမြန်မာနိုင်ငံတော်ကြီး စတင်တည်ထောင်ခဲ့သော ထေရဝါဒဗုဒ္ဓဘာသာသာသနာပြုမင်းကြီး မင်းမြတ်အနော်ရထာသည် ပုဂံနိုင်ငံတော်ကြီး၏ စပါးကျီဒေသဖြစ်သော စမုံ၊ စမာ၊ ဇော်ဂျီ၊ ပန်းလောင်နှင့် ဒုဌဝတီမြစ်တို့ ဖြတ်သန်းစီးဆင်းရာ ကျောက်ဆည်လွင်ပြင်တွင် ပင်လယ်၊ ပြည်မနား၊ မြစ်သာ၊ ရမုန်း၊ မြင်းခုံတိုင်၊ ပနန်၊ တမုတ်၊ သင်တောင်း၊ မက္ခရာ၊ တပြက်သာ၊ ခံလူး စသည့် လယ်တွင်း (၁၁)ခရိုင် ခံမြို့များ အခိုင်အမာတည်ဆောက်ခဲ့ပြီး အဆိုပါ ခံမြို့များသည် မြစ်သားမြို့နယ်တွင် (၃)မြို့၊ ကျောက်ဆည်မြို့နယ်တွင် (၅)မြို့၊ စဉ့်ကိုင်မြို့နယ်တွင် (၃)မြို့ စုစုပေါင်း ခရိုင်မြို့ (၁၁)မြို့တည်ဆောက်ခဲ့ကြောင်းနှင့် ၁၁ ခရိုင်မြို့တွင် တစ်မြို့အပါအဝင်ဖြစ်သော တမုတ်မြို့ဟောင်းသည် ပန်းလောင်မြစ်၏အရှေ့ဘက်၊ ကြောင်ပန်းကုန်းကျေးရွာအုပ်စု၊ ညောင်ပင်ဇောက်ကျေးရွာအနီးတွင် တည်ရှိခဲ့ပြီး အကျယ်အဝန်း (၂၅)ဧက မြင်းခွာပုံသဏ္ဍာရှိသော အုတ်မြို့ရိုးတည်ဆောက်ထားပြီး တမုတ်ရွှေဂူကြီးစေတီတော်မြတ်ကြီးသည် အဆိုပါ တမုတ်မြို့ဟောင်းကုန်း၏ အတွင်းဘက် အရှေ့တောင်ထောင့် ကျောက်ဆည်မြို့၏ အနောက်ဘက် (၆)မိုင်အကွာ ကျောက်ဆည်-တံတားဦး ကားလမ်းဘေး ညောင်ပင်ဇောက်ကျေးရွာအနီးတွင် တည်ရှိလျက်ရှိကြောင်း သိရှိရသည်။

တစ်မုတ်ရှင်ပင်ရွှေဂူကြီးစေတီတောင်ကြီးသည် ပုဂံခေတ်ဦးပိုင်းက ပန်းလောင်မြစ်ရိုးတစ်လျှောက် အနော်ရထာမင်းကြီးတည်ထားပူဇော်ခဲ့သော ဂူကြီး (၉)လုံးအနက် တစ်လုံးဖြစ်ခဲ့ပြီး ပုဂံခေတ်နှောင်းပိုင်း (၁၂ ရာစုအနှောင်းပိုင်း)တွင် မြစ်တော် နရပတိစည်သူမင်းကြီးမှ မူလစေတီတော်ပုံ အထွဋ်တင် တစ်ထပ်ဂူဘုရားငယ်အား ကွမ်းတောင်ပေါက် နှစ်ထပ်ဂူဘုရားအဖြစ် ပြောင်းလဲပြုပြင်လိုက်သည့်အပြင် အတွင်းရှိ  ဆင်းတုတော် အကြီးအငယ်များ၊ အပြင်မှ အလွန်အနုစိတ်လှသော ကနုတ်ပန်းများ၊ တိရိစ္ဆာန်ပုံမျိုးစုံ၊ ကျေးငှက်ရုပ်မျိုးစုံ၊ လူ၊ နတ်၊ ဗြဟ္ဗာ၊ ကိန္နရာပေါင်းစုံတို့၏ အရုပ်များဖြင့် ပြန်လည်အလှဆင်ခဲ့ပြီး ပင်းယခေတ် သက္ကရာဇ် ၆၈၄ ခု၊ ဉစ္စာနာမင်းကြီးလက်ထက်တော်တွင် စေတီတော်၊ သိမ်တော်၊ ဆင်းတုတော်များအား ထပ်မံလွှမ်းငုံ၍ စေတီတော်အသစ် တည်ထားကိုးကွယ်ခဲ့ကြောင်း သမိုင်းသုတေသီ မောင်ဝင်းမောင်(တမ္ပဝတီ) ရေးသားပြုစုထားသည့် တမုတ်ရှင်ပင်ရွှေဂူကြီးစေတီတော် သမိုင်းအကျဉ်းစာအုပ်တွင် ရေးသားဖော်ပြထားကြောင်း သိရသည်။

ယခုအခါ တမုတ်ရှင်ပင်ရွှေဂူကြီးဘုရားကြီးအား ပြန်လည်ပြုပြင်မွန်မံထားမှုကြောင့် ဒုတိယလှိုင်ဂူ ဂန္ဓကုဋိတိုက်အတွင်းရှိ နံရံဆေးရေးပန်းချီများနှင့် ဦးခေါင်းတော် (၂)ပေ (၆)လက်မ၊ ဉာဏ်တော် (၁၀)ပေခန့်ရှိ အလွန်သပ္ပာယ်ကြည်ညိုဖွယ်ကောင်းသော အင်္ဂတေရုပ်ပွားတော်ကြီး ကိုယ်တစ်ပိုင်းနှင့် အနော်ရထားမင်းကြီးတည်ထားပူဇော်ခဲ့သော ရှေးဟောင်းအနုပညာလက်ရာများဖြစ်သည့် ပန်းဆွဲဘီလူးများ၊ နံရံအင်္ဂတေပန်းတော့ရုပ်ကြွများ၊ စေတီတော်လေးဘက်မျက်နှာရှိ မုတ်ဦးတံကဲ ကနုတ်ပန်းဒီဇိုင်းများ၊ ခြင်္သေ့ကိုယ်နှစ်ခွ မြင်းခေါင်းပုံနှင့် လူခန္ဓာ(အဿမုခိ)ပုံ၊ ဆင်ဦးခေါင်းနှင့် ငှက်ကိုယ်(ဆင်ငှက်)၊ ဗျိုင်းနှစ်ကောင် လည်လိမ်၊ ကြက်ဖ၊ ဆင်၊ သမင်၊ မျောက်၊ မိကျောင်း၊ ငါး၊ စသည့်ပုံများနှင့် အထက်ပစ္စယံအဆင့်ဆင့်၏ မှန်ကွက်များတွင် အင်္ဂတေများဖြင့် ဇာတ်တော်နိပါတ်စဉ်များနှင့် ဇာတ်တော်အမည်ရေးထိုးထားသော ငါးရာငါးဆယ်သရုပ်ဖော် ဖောင်းကြွရုပ်ပုံများ၊ မုတ်ဦးအတွင်း ဉာဏ်တော် (၁၀)ပေရှိ ရုပ်ပွားတော် စသည့် ဆန်းကြယ်သည့် (၁၂)ရာစုခေတ် ပန်းတော့လက်ရာ အနုစိတ် အင်္ဂတေဒီဇိုင်းများနှင့် တမုတ်ရှင်ပင်ရွှေဂူကြီး စေတီတော်မြတ်ကြီးအား ဖူးတွေ့ရမှာဖြစ်ကြောင်းနှင့် ပုဂံခေတ် အေဒီ ၁၁ ရာစုမှ ပင်းယခေတ် အေဒီ ၁၄ ရာစု အတွင်း  အနုပညာလက်ရာများ( ရှေးမူလလက်ရာအတိုင်း) တစ်နေရာတည်း အပြည့်အစုံဆုံး စုဝေးတည်ရှိရာ မြန်မာနိုင်ငံ၏ တစ်ဆူတည်းသော မြန်မာ့ဂုဏ်ဆောင်စေတီတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ မိဘပြည်သူများအနေဖြင့် သင်္ကြန်ရက်ရှည်ရုံးပိတ်ရက်များတွင် လာရောက်လေ့လာ ကြည်ညိုသဒ္ဓါပွားများနိုင်ကြောင်း ရေးသားလိုက်ရပါသည်။

သက်မောင်(ကျောက်ဆည်)