ဒုံဝန်းကျေးရွာ၌ မဟာသင်္ကြန်ကာလ နှစ်ကူးအထူးတရားပွဲ ကျင်းပ

သထုံ  ဧပြီ ၁၅

မွန်ပြည်နယ်၊ သထုံမြို့နယ် ဒုံဝန်းကျေးရွာ ညောင်ပင်သာကျောင်းတိုက်ရှိ အောင်ချမ်းသာဘုရား ရင်ပြင်တော်‌ပေါ်တွင် မဟာသင်္ကြန်ကာလ နှစ်ကူးအထူးတရားပွဲကို ယမန်နေ့ (မဟာသင်္ကြန်အကျနေ့)ညမှစတင်ကာ ညောင်ပင်သာကျောင်းဂေါပကအဖွဲ့မှ ကြီးမှူး၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒုံဝန်းကျေးရွာအတွင်း နှစ်ကူးကာလ၌ ဗုဒ္ဓဘာသာသာဝင်တို့၏ ဓလေ့ထုံးတမ်းနှင့်အညီ ကုသိုလ်တရားများဖြင့် ထုံမွှမ်းပြီး မင်္ဂလာရှိစွာဖြင့် နှစ်သစ်ကိုစတင်သည့်အနေဖြင့် တရားသဘင်ကို စုပေါင်းကျင်းပရခြင်းဖြစ်ကြောင်း ညောင်ပင်သာကျောင်းတိုက် ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

မဟာသင်္ကြန်ကာလနှစ်ကူး အထူးတရားပွဲကို သင်္ကြန်အကျနေ့မှ အတက်နေ့အထိ ညစဉ် ကျင်းပပြုလုပ်မည်ဖြစ်ပြီး အကျနေ့ညတွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျခတ်ချောင်းကျေးရွာ ဓမ္မသုခဘေးမဲ့တောင်ပေါ်ကျောင်းဆရာတော် ဘဒ္ဒန္တကောဝိဒအရှင်သူမြတ်က ဓမ္မဒေသနာတရားတော်များကို ဟောကြားချီးမြှင့်ပေးတော်မူခဲ့ကြရာ ဒုံဝန်းကျေးရွာနေ ဗုဒ္ဓဘာသာဝင်များက အေးချမ်းစွာ တရားတော်များကို နာယူခဲ့ကြပြီး ဓမ္မပူဇာလှူဖွယ်များကို ဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)