မုဒုံ ဧပြီ ၁၅
မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ဘုန်းကြီးကျောင်းများနှင့် ပင်လယ်ဆိပ်ကမ်းအနီးအနားရှိ ညောင်ဝိုင်းကျေးရွာတွင် နွေရာသီကာလ သောက်သုံးရေများ ပြတ်လပ်မှုမရှိစေရန်အတွက် ယမန်နေ့က မြန်မာ့လူငယ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သောက်သုံးရေများကို သွားရောက်လှူဒါန်း ဖြန့်ဝေပေးသည်။
သောက်သုံးရေများ သွားရောက်လှူဒါန်းရာတွင် ညောင်ဝိုင်းကျေးရွာ သီရိမင်္ဂလာ တိုက်ကျောင်း၌ အသံမစဲမဟာမဋ္ဌာန်းရွက်ဖတ်ပူဇော်ပွဲနှင့် ကျေးရွာရှိ အိမ်ခြေ ၁၀၀ ကိုလည်းကောင်း၊ မြို့မ(၄)ရပ်ကွက် ကွမ်ကသောင်ဘုန်းကြီးကျောင်း တရားစခန်းမှ သီလရှင်၊ ယောဂီများ သင်္ကြန်ကာလ ကုသိုလ်ကောင်းမှုများပြုလုပ်နေစဥ် သောက်သုံးရေများ အခက်ခဲမရှိ အဆင်ပြေစေရန်အတွက်ကိုလည်ကောင်း သောက်သုံးရေ စုစုပေါင်းလီတာ ၁၅၂၀၀ ကို ဘုန်းကြီးကျောင်းများ၏ ရေလှောင်ကန်များနှင့်ကျေးရွာရှိ အိမ်ခြေများအရောက် ဖြန့်ဝေပေးခဲ့သည်။
မုဒုံမြို့နယ်အတွင်းရှိ အခြားရပ်ကွက်/ ကျေးရွာများတွင်လည်း သောက်သုံးရေများ အခက်ခဲရှိပါက ဆက်လက်၍ သွားရောက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လူငယ် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)