သီပေါ ဧပြီ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး၊ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အဓိပတိ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ဦးဆောင်ဦးရွက်မှုနှင့် သီပေါမြို့ မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တပညာသီရိ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင် စသည့်မြို့ကြီးများမှ မျက်စိအထူးကု ဆရာဝန်ကြီးများက အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ် ကုသပေးခဲ့ရာ (၅၂)ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
မျက်စိစမ်းသပ်ခွဲစိတ်ကုသမှုအား (၅၃)ကြိမ်မြောက်အဖြစ် ၂၀၂၄ခုနှစ်၊ မေလ ၆ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ဆရာဝန်များနှင့် လူနာများ စိတ်အေးချမ်းသာစွာ ကုသဆောင်ရွက်နိုင်ရေးအတွက် ဆေးရုံတော်ကြီးအတွင်းရှိ ခွဲစိတ်ကုသခန်းများ၊ မျက်စိခွဲစိတ်စက်နှင့် မျက်စိရောဂါရှာသည့်စက်များအား ကြိုတင်ပြင်ဆင်သန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိကြောင်း၊ မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးမှုများအား ၂၀၂၄ခုနှစ်၊ မေလ(၆)ရက်နေ့မှ (၈)ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မျက်စိဝေဒနာရှင်များအနေဖြင့် အခမဲ့လာရောက်စမ်းသပ်ကုသနိုင်ကြောင်းနှင့် မျက်စိဝေဒနာရှင်များအား အခမဲ့ စမ်းသပ်ခွဲစိတ်ကုသပေးနိုင်ရန်အတွက် အလှူရှင်များမှလည်း အလှူငွေများ လာရောက်လှူဒါန်းပေးလျက်ရှိကြောင်း မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင်ဆရာတော်ထံမှ သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)