မိုင်းယောင်းမြို့နယ်တွင် အစဉ်အလာမပျက် ဘုရားရေသပ္ပါယ်ပူဇော်ပွဲ ကျင်းပ

မိုင်းယောင်း ဧပြီ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ ဘုန်းတော်ကြီးကျောင်းများရှိ ဘုရားရုပ်ပွားတော်များအား ဘုရားရေသပ္ပါယ်ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက အစဉ်အလာမပျက် ကျင်းပခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ နမာတဿ သုံးကြိမ် ရွတ်ဖတ်ပူဇော်ကန်တော့၍ ငါးပါးသီလခံယူဆောက်တည်ပြီး သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်သော မေတ္တသုတ်ပရိတ်တရားတော်များအား နာယူကြည်ညိုသည်။ ထို့နောက် သံဃာတော်အရှင်မြတ်များမှ ဦးဆောင်ပြီး ရပ်ကွက်/ကျေးရွာတာဝန်ခံများ၊ ရွာသူရွာသားတို့မှ ဘုရားရုပ်ပွားတော်များ၊ ဘုရားဆင်းတုတော်များကို ရေသပ္ပါယ်ပူဇော်သည်။ ထို့အပြင် အိမ်တိုင်းက မိမိတို့နေအိမ်တွင် ကိုးကွယ်ထားရှိသည့် ဘုရားရုပ်ပွားတော်များကို ဓလေ့ရိုးရာနှင့်အညီ ရေသပ္ပါယ်ပူဇော်ခဲ့ကြကြောင်း သိရသည်။

ထွန်းမြင့်လှိုင်