စစ်တွေ ဧပြီ ၁၅
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဇနီး ဒေါ်ဆွေဆွေမြတ်တို့သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက မဟာသင်္ကြန်ဗဟိုမဏ္ဍပ်များသို့သွားရောက်ပြီး ယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေမှုနှင့် ပြည်နယ်ဝန်ကြီးများကိုယ်စားပြုမဏ္ဍပ်များအား လှည့်လည်ကြည့်ရှုအားပေးသည်။
နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဇနီး ဒေါ်ဆွေဆွေမြတ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိစာသင်တိုက်သို့ သွားရောက်ပြီး ကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်အား ဖူးမြော်ကြည်ညို၍ ဆွမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ ဆရာတော်ကြီးထံမှ ဩဝါဒခံယူကြသည်။
ညနေပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများသည် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်များသို့သွားရောက်ပြီး ယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေမှုနှင့် ပြည်နယ်ဝန်ကြီးများကိုယ်စားပြုမဏ္ဍပ်များအား လှည့်လည်ကြည့်ရှုအားပေးကြသည်။
ဦးစွာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ကိုယ်စားပြုယိမ်းအကအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ကိုယ်စားပြုယိမ်းအကအဖွဲ့၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ကိုယ်စားပြုယိမ်းအကအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ကိုယ်စားပြုယိမ်းအကအဖွဲ့၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကိုယ်စားပြုယိမ်းအကအဖွဲ့၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ်ရုံး ကိုယ်စား ပြုယိမ်းအဖွဲ့၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကိုယ်စားပြုယိမ်းအကအဖွဲ့တို့မှ တေးသီချင်း များဖြင့် ကပြဖျော်ဖြေကြပြီး တေးသံရှင်များနှင့် ယိမ်းအကအဖွဲ့များက သီဆိုဖျော်ဖြေကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရဖွဲ့ဝင်များနှင့်ဇနီးများက ယိမ်းအကအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတာဝန်ရှိသူများသည် ဗဟိုမဏ္ဍပ်အနီးရှိ ရခိုင်ရိုးရာရေလောင်းမဏ္ဍပ်တွင် ပျော်ပျော်ပါးပါးရေကစားကြပြီး ပြည်နယ်ဝန်ကြီးများကိုယ်စားပြု စတုဒိသာမဏ္ဍပ်များသို့ လှည့်လည်ကြည့်ရှုကာ အတာရေများပတ်ဖြန်းပေးကြပြီး တေးသံရှင်များနှင့် ယိမ်းအကအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေနေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)