ရန်ကုန် ဧပြီ ၁၅
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ရေကစားသူများနှင့် စတုဒိသာ ကျွေးမွေးသူများဖြင့် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကျနေ့ကို ပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
၁၃၈၅ ခုနှစ် မဟာသင်္ကြန်ပွဲတော်အား မြန်မာမှု မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု အနှစ်သာရများ ပပျောက်မှုမရှိစေရေးနှင့် ဆက်လက်ထိမ်းသိမ်းစောင့်ရှောက်နိုင်ရေးတို့အတွက် ရိုးရာဓလေ့ထုံးတမ်းများနှင့်အညီ နိုင်ငံတစ်ဝှမ်း စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ သင်္ကြန်အကျနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကင်းမြို့နယ်၊ ဒေါပုံမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မှော်ဘီမြို့နယ်၊ ထန်းတပင်မြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ တိုက်ကြီးမြို့နယ်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ လှည်းကူးမြို့နယ်၊ သာကေတမြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ဗဟန်းမြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့တွင် ရေကစားသူများ၊ စတုဒိသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိပြီး ဗဟိုမဏ္ဍပ်များ၌ ယိမ်းအဖွဲ့များနှင့် ဖျော်ဖြေရေးအဖွဲ့များက အလှည့်ကျဖျော်ဖြေပေးလျက်ရှိရာ ပြည်သူများက မဟာသင်္ကြန်ပွဲတော်အား ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
(ပြန်/ဆက်)