သထုံ ဧပြီ ၁၅
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ရေကစားသူများနှင့် စတုဒိသာကျွေးမွေးသူများဖြင့် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကျနေ့ကို ပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ လျက်ရှိကြောင်း သိရသည်။
၁၃၈၅ ခုနှစ် မဟာသင်္ကြန်ပွဲတော်အား မြန်မာမှု မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု အနှစ်သာရများ ပပျောက်မှုမရှိစေရေးနှင့် ဆက်လက်ထိမ်းသိမ်း စောင့်ရှောက်နိုင်ရေးတို့အတွက် ရိုးရာဓလေ့ ထုံးတမ်းများနှင့်အညီ နိုင်ငံတစ်ဝှမ်း စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ သင်္ကြန်အကျနေ့တွင် မွန်ပြည်နယ်အတွင်းရှိ ချောင်းဆုံမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ မော်လမြိုင်မြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပေါင်မြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ သထုံမြို့နယ်နှင့် မုဒုံမြို့နယ်တို့တွင် ရေကစားသူများ၊ စတုဒိသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိပြီး ဗဟိုမဏ္ဍပ်များ၌ ယိမ်းအဖွဲ့များနှင့် ဖျော်ဖြေရေးအဖွဲ့များက အလှည့်ကျဖျော်ဖြေပေးလျက်ရှိရာ ပြည်သူများက မဟာသင်္ကြန်ပွဲတော်အား ပျော်ရွှင်စွာပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
(ပြန်/ဆက်)