ညောင်ရွှေ ဧပြီ ၁၅
နှစ်သစ်ကူးရုံးပိတ်ရက် မဟာသင်္ကြန်ကာလအတွင်း ရှမ်းပြည်နယ် ညောင်ရွှေမြို့နှင့် အင်းလေးကန်တို့တွင် အပန်းဖြေလာရောက်လည်ပတ်သူ ပြည်တွင်းခရီးသွား ဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အင်းလေးကန်အတွင်းသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များသည် မိသားစုများ၊ အစုအဖွဲ့များဖြင့် ညောင်ရွှေမြို့မှတစ်ဆင့် သွားရောက်ကြသည့်အပြင် အင်းလေးကန်အတွင်းရှိ ဟိုတယ်များတွင် ညအိပ်တည်းခို၍လည်းကောင်း၊ အင်းလေးကန်အရှေ့ဘက်ကမ်းရှိ မိုင်းသောက် အင်းရွာစက်လှေဆိုက်၊ နန်းပန်မြို့စက်လှေဆိုက်တို့မှလည်းကောင်း၊ အင်းလေးကန်အနောက်ဘက်ကမ်းရှိ လွယ်ငြိမ့်ကျေးရွာစက်လှေဆိုက်၊ ခေါင်တိုင်ကျေးရွာဆိုက်တို့မှလည်းကောင်း အများဆုံး လာရောက်လည်ပတ်ကြပြီး အင်းလေးဖောင်တော်ဦးဘုရားနှင့် အလိုတော်ပေါက်ဘုရား၊ ရွှေအင်း တိန်မွေတော်ဘုရား၊ ရက်ကန်းရုံများ၊ ငွေထည်လုပ်ငန်းများနှင့် အင်းတိုင်းရင်းသားရိုးရာ စားသောက် ဆိုင်များသို့ အများဆုံးသွားရောက်လည်ပတ်ကြကြောင်း သိရသည်။
စိုင်းအယ်ဘဲ