မြစ်ကြီးနား ဧပြီ ၁၅
ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့၌ ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို (သင်္ကြန်အကျနေ့) ယမန်နေ့ နံနက် ၉ နာရီက လမ်းလျှောက်သင်္ကြန်ကျင်းပပြုလုပ်သည့် ဆွမ်ပရာဘွမ်လမ်းမပေါ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ လမ်းလျှောက်သင်္ကြန်မုခ်ဦး၌ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ဒေသခံပြည်သူအများအပြား ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
အဆိုပါ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ဆွမ်ပရာဘွမ်လမ်းမပေါ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့မှ ဆမားလမ်းဆုံ(ကျောက်စိမ်းတုံးမီးပွိုင့်)အထိ ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ မဟာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်လေး၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများက လမ်းလျှောက်သင်္ကြန်ပွဲတော်အတွင်း ပါဝင်ဆင်နွှဲလျက်ရှိသည့် ယိမ်းအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများအား အတာရေဖြင့် လိုက်လံဖျန်းပက်ခဲ့ကြကာ လမ်းလျှောက်သင်္ကြန်ပွဲတော်အတွင်း စတုဒီသာမဏ္ဍပ်များဖြင့် တည်ခင်းဧည့်ခံကျွေးမွေးနေမှုနှင့် ဗဟိုမဏ္ဍပ်မှ ခေတ်ပေါ်တေးသီချင်းများ၊ ယိမ်းအကအလှများဖြင့် သီဆိုဖျော်ဖြေနေမှု၊ နံ့သာမဏ္ဍပ်၊ လောင်းလှေများတွင် ရေဖြန်းပက်ကစားနေကြသည့် သင်္ကြန်ချစ်သူပြည်သူများနှင့်အတူ အတူတကွ ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရေကစားမဏ္ဍပ်သို့တက်ရောက်ပြီး တိုင်းမှူးဗိုလ်မှူးချုပ် အောင်ဇော်ထွေးနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ တပ်နယ်မိသားစုဝင်များနှင့်အတူ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မဏ္ဍပ်၌ ယိမ်းအကအလှများဖြင့် သီဆိုဖျော်ဖြေမှု၊ တေးသံရှင်များ၏ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး စတုဒီသာမဏ္ဍပ်များ၌ ဧည့်ခံကျွေးမွေးနေမှုများကို အားပေးခဲ့ကြကာ ယိမ်းအကအဖွဲ့များအတွက် ချီးမြှင့်ငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြကာ တပ်နယ်မိသားစုများနှင့်အတူ အတာရေသဘင်ပွဲတော်ကို အတူတကွ ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
ထို့နောက် နေ့လယ်ပိုင်းနှင့် ညနေပိုင်းတို့တွင်လည်း ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ သင်္ကြန်ချစ်သူများ၏ အားပေးမှုဖြင့် ယိမ်းအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှု၊ ခေတ်ပေါ်တေးသီချင်းအကအလှများဖြင့် ကပြသီဆိုဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ထို့အတူ ဗဟိုမဏ္ဍပ်ရှေ့ စတုဒီသာမဏ္ဍပ်များတွင်လည်း သင်္ကြန်လည်ပတ်သူများအား ဧည့်ခံကျွေးမွေးလျက်ရှိသည့်အပြင် ဆမားလမ်းဘက်ရှိ ငွေပျော်အိုင်မဏ္ဍပ်၊ ပိတောက်ရွှေဝါမဏ္ဍပ်၊ ကမ္ဘာကျော်ရေကစားမဏ္ဍပ်၊ နှစ်သစ်ကူးအတာသင်္ကြန်ရေကစားမဏ္ဍပ်၊ ပိတောက်ရွှေဝါရေကစားမဏ္ဍပ် (၅)ခုတို့တွင် ယိမ်းအကအလှများ၊ ခေတ်ပေါ်တေးသီချင်း သီဆိုဖျော်ဖြေမှုများဖြင့် လာရောက်ရေကစားသူများဖြင့် အထူးစည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိသည်။ ထို့အပြင် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များတွင်လည်း ရေပက်ကစားသူများဖြင့် စည်ကားလျက်ရှိသည်။
ထို့အပြင် ညပိုင်းတွင်လည်း မဟာင်္ကြန်ပွဲတော်ကို ဗဟိုမဏ္ဍပ်၌ ယိမ်းအကအလှပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိသဖြင့် သင်္ကြန်ချစ်သူများဖြင့် စည်ကားသိုက်မြိုက်လျက်ရှိကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)