ဇေယျာသီရိ ဧပြီ ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ပေါင်းလောင်းမြစ်ကမ်းသို့ နှစ်သစ်ကူးရုံးပိတ်ရက်များတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေ ရေကစားသူများ ဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အဆိုပါမြစ်သည် ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ ကျည်တောင်ကျေးရွာတွင် တည်ရှိပြီး နှစ်စဉ်သင်္ကြန်ရက်များတွင် လာရောက်အပန်းဖြေသူ များပြားလျက်ရှိပြီး လာရောက်အပန်းဖြေသော အနယ်နယ်အရပ်ရပ်မှ ပြည်သူများသည် မြစ်အတွင်းရေကစားသူများ၊ မြစ်ကမ်းတစ်လျှောက်ရှိ စားသောက်ဆိုင်များ၊ မြစ်အတွင်း အပျော်စီးလှေများစီးနေသူများ၊ လှေခွင်းတောင်ပေါ်ရှိ တန်ခိုးကြီးဘုရားများအား လာရောက်ဖူးမြော်သည့် ပြည်သူများဖြင့် နှစ်စဉ်စည်ကားလျက်ရှိသည်။
လာရောက်အပန်းဖြေ လည်ပတ်သူများ မြစ်အတွင်း ရေနစ်သေဆုံးမှုမရှိစေရေးအတွက် ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတွေများက မြစ်အတွင်း Speed Board ဖြင့် လှည့်လည်ကြည့်ရှု စောင့်ရှောက်ပေးလျက်ရှိကြောင်းလည်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)