မိုင်းဆတ် နိုဝင်ဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်က အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ မဲရုံတာဝန်ထမ်းဆောင်မည့် မဲရုံဝန်ထမ်းများ၊ နိုင်ငံရေးပါတီများ၊ မဲဆန္ဒရှင်များနှင့် ပူးပေါင်း၍ တည်ငြိမ်အေးချမ်းအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး၊ မဲဆန္ဒရှင်များ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေး၊ မဲရုံများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ စုံလင်စွာ အချိန်မီဖြန့်ဝေပေးနိုင်ရေး၊ မဲရုံအတွင်းစည်း၊ အပြင်စည်းများတွင် လုံခြုံရေးအထူးဂရုပြု စောင့်ကြပ်ရေး ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမောင်ချိုက အထွေထွေရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် သက်ဆိုင်ရာမဲရုံများမှ မဲပေးနိုင်မှုအခြေအနေများအား (၂)နာရီခြားတစ်ကြိမ် သတင်းပို့ဆောင်ရွက်နိုင်ရေး၊ ဆက်သွယ်ရေးခက်ခဲသော မဲရုံများအား ဆက်သွယ်မှုရရှိရန် သက်ဆိုင်ရာဌာန ဆိုင်ရာများအနေဖြင့် ပူးပေါင်းကူညီဆောင်ရွက်ရေး၊ မသန်စွမ်းမဲဆန္ဒရှင်များ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရန် ကူညီဆောင်ရွက်ပေးနိုင်ရေး၊ ကြိုတင်ဆန္ဒမဲပေးရန်ကျန်ရှိသော မဲဆန္ဒရှင်များ ဆက်လက်မဲပေး နိုင်ရေး ဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် ခရိုင်လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးရန်နိုင်ထွန်း၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမောင်ချို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးနှင့် တာဝန်ရှိသူတို့က ဆန္ဒမဲပေးပြီးသော မဲလက်မှတ်များ အဆင်ပြေချောမွေ့စွာနှင့် လုံခြုံစိတ်ချစွာ သယ်ယူပို့ဆောင်မည့် အစီအစဉ်များ ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)