တောင်ဥက္ကလာပမြို့နယ်တွင် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ပိတောက်သစ္စာရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနား ကျင်းပ

တောင်ဥက္ကလာပ ဧပြီ ၁၄  

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ပိတောက်သစ္စာရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်း (၃)နာရီအချိန်က အမှတ်(၇)ရပ်ကွက်၊ သစ္စာလမ်းမကြီး‌ပေါ်၌ ကျင်းပခဲ့သည်။         

ရှေးဦးစွာ အခမ်းအနားတွင် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ဖျော်ဖြေရေး ပိတောက်သစ္စာရေကစားမဏ္ဍပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်မြတ်မိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲမင်းမြတ်၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးမြင့်‌သောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၃) ဦး‌အောင်ကိုဦးနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။       

ထို့နောက်  သင်္ကြန်ယိမ်းအကအဖွဲ့များက မန်းတောင်ရိပ်ခို၊ မြူမှောင်ဝေကင်းသီချင်းဖြင့် ကပြ ဖျော်ဖြေကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊   ဌာနဆိုင်ရာအကြီးအကဲများက သပြေခက်နှင့် အတာရေများ လိုက်လံပက်ဖျန်းခဲ့ကြကြောင်း သိရသည်။  

အဆိုပါ တောင်ဥက္ကလာပမြို့နယ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ဖျော်ဖြေရေး ပိတောက်သစ္စာရေကစားမဏ္ဍပ်တွင် သင်္ကြန်ကာလအတွင်း သင်္ကြန်ယိမ်းအကအလှများ ကပြဖျော်ဖြေခြင်း၊ အဆိုတော်များမှ သင်္ကြန်တေးသီချင်းများနှင့် ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်၍ သင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)