စစ်တွေ ဧပြီ ၁၄
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၁၃၈၅ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ဖွင့်ပွဲကို ဧပြီလ ၁၃ ရက်နေ့ညနေပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဧည့်ရိပ်သာရှေ့ ဗဟိုမဏ္ဍပ်၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ ယိမ်း အကအဖွဲ့များ၊ မြို့မိ၊ မြို့ဖများနှင့် ဒေသခံပြည်သူများတက်ရောက်ကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက သင်္ကြန်ဆိုသည့် ဝေါဟာရသည် စာပေအရေး အသားများတွင် ပါဠိဘာသာသင်္ကန္တမှလည်းကောင်း၊ သက္ကဋဘာသာ သင်္ကြန်န္တမှလည်းကောင်း ဆင်းသက်လာသည့် စကားဖြစ်ပြီး မြန်မာဘာသာဖြင့် ကူးပြောင်းခြင်း၊ ပြောင်းရွှေ့ခြင်း၊ နှစ်ဟောင်း မှနှစ်သစ်သို့ ကူးပြောင်းခြင်းကို ဆိုလိုသည်ဟုဖော်ပြကြကြောင်း၊ ကမ္ဘာတစ်ဝှမ်းတွင် လူမျိုးအလိုက် ဘာသာယဉ်ကျေးမှုအလိုက် နှစ်သစ်ကူးကြောင်းခြင်းကို တခမ်းတနား တပျော်တပါးကျင်းပကြရာ ရခိုင်ပြည်နယ်တွင်းလည်း မြန်မာနှစ်သစ်ကူးပြောင်းခြင်း အထိမ်းအမှတ်အဖြစ် သင်္ကြန်ပွဲတော်ကို တစ်မျိုးတစ်ဘာသာ ထူးခြားစွာ ကျင်းပပြုလုပ်ခဲ့ကြပြီး ရိုးရာဓလေ့သင်္ကြန်ပွဲတော်သည် သိမ်မွေ့ခြင်း၊ ထူးခြားခြင်း၊ ထင်ရှားခြင်းစသည့် အင်္ဂါရပ်များကို ဖော်ကျူးထားသော ပွဲတော်ဖြစ်သည့်အတွက် ရခိုင်ရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲတော်ကို စဉ်လာမပျက်နှစ်စဉ် နှစ်တိုင်းကျင်းပကာ ထိန်းသိမ်း စောင့်ရှောက်ကြစေလိုကြောင်း ပြောကြားသည်။
ယိမ်းအကအဖွဲ့များက နှစ်သစ်ကူးဆုတောင်း၊ မန်းတောင်ရိပ်ခို တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများက ယိမ်းအကအဖွဲ့များနှင့် မဏ္ဍပ်ဖွဲ့သို့ တက်ရောက်လာကြသူများအား အတာရေများဖြင့် ပက်ဖျန်းပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးများ ကိုယ်စားပြုယိမ်းအကအဖွဲ့များနှင့် ဌာနဆိုင်ရာယိမ်း အကအဖွဲ့များက ကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက ယိမ်းအကအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတာဝန်ရှိသူများသည် ဗဟိုမဏ္ဍပ်အနီးရှိ ရခိုင်ရိုးရာ ရေလောင်းမဏ္ဍပ်တွင် ပျော်ပျော်ပါးပါးရေကစားကြပြီး ပြည်နယ်ဝန်ကြီးများကိုယ်စားပြု စတုဒီသာမဏ္ဍပ်များသို့ လှည့်လည်ကြည့်ရှုကာ အတာရေများပတ်ဖြန်းပေးကြပြီး တေးသံရှင်များနှင့် ယိမ်းအကအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေနေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)