မလှိုင်မြို့နယ်၌ ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

မလှိုင် ဧပြီ ၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီ အချိန်က စက်မှု(၁)လမ်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ရှိ ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး ၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း (၅) ရက်၊ ခရစ်သက္ကရာဇ် ၂ဝ၂၄ ခုနှစ်၊ ယမန်နေ့ ညနေ ၄ နာရီ အချိန်တွင် မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ကို စတင်ဖွင့်လှစ်ကြောင်း ကြေညာပေးခဲ့သည်။ ယင်းနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းယိမ်းအဖွဲ့(၁)နှင့် (၂)က “မန်းတောင်ရိပ်ခို”သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ဆက်လက်၍ ဌာနဆိုင်ရာ ဝန်ထမ်းပေါင်းစုံယိမ်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးယိမ်းအဖွဲ့၊ မြို့နယ်ပညာရေးဌာနယိမ်းအဖွဲ့ (၁)နှင့် (၂)၊ ဆည်တိုကျေးရွာယိမ်းအဖွဲ့၊ အုပ်ကြီးကျေးရွာယိမ်းအဖွဲ့(၁)နှင့် (၂)၊ မြေစာရင်းဦးစီးဌာနဝန်ထမ်းမိသားစုယိမ်းအဖွဲ့၊ စုစုပေါင်း ယိမ်းအဖွဲ့(၁ဝ) ဖွဲ့တို့က အလှည့်ကျ သီဆိုဖျော်ဖြေ ဧည့်ခံခဲ့ကြသည်။ ဧည့်ခံဖျော်ဖြေခဲ့ကြသည့် ယိမ်းအကအဖွဲ့များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊  ဌာနဆိုင်ရာအကြီးအကဲများက  ယိမ်းအဖွဲ့တစ်ဖွဲ့လျှင် ငွေကျပ် တစ်သိန်းနှုန်း ဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။ သင်္ကြန်ရက်များတွင် ယိမ်းအကအဖွဲ့များက နေ့စဉ်အလှည့်ကြဧည့်ခံဖျော်ဖြေသွားမှာဖြစ်ပြီး ရေကစားလာရောက်ကြသူများအား ကြာဇံဟင်း၊ ရွှေရင်အေး၊ မုန့်လက်ဆောင်၊ အချိုရည်များ၊ အအေးများဖြင့် ကျွေးမွေးဧည့်ခံ ကုသိုလ်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊  ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ယိမ်းအကအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်

အောင်ဌေး(မလှိုင်)