လင်းခေး ဧပြီ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၏ ၁၃၈၅-၁၃၈၆ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ၄နာရီက လင်းခေးမြို့၊ မြို့မလမ်း (တောင်ရွာ) လမ်းဆုံရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တပ်နယ် (လင်းခေး) မှ တပ်နယ်မှူး ဗိုလ်မှူးကြီးကျော်ထွန်းလတ်၊ လင်းခေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေမိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်နှင့် မြို့မိမြို့ဖ ဦးစိုင်းဘဟန်တို့က ဖဲကြိုးဖြတ်၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။
ဆက်လက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် သင်္ကြန်ယိမ်းအဖွဲ့များက မြနန္ဒာတေးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားကို ရုတ်သိမ်းလိုက်သည်။
ဖွင့်ပွဲအခမ်းအနားအပြီး ဖျော်ဖြေရေးအလှည့်ကျ သင်္ကြန်ယိမ်းအဖွဲ့များ အလှည့်ကျဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ အဆိုပါပွဲတော်ကို သင်္ကြန်ပွဲတော် အတက်နေ့ညအထိ ယိမ်းအကပြိုင်ပွဲဝင် (၈) ဖွဲ့၊ ဖျော်ဖြေရေးယိမ်းအဖွဲ့ (၁၅) ဖွဲ့တို့အား ဆုချီးမြှင့်ခြင်း အခမ်းအနားများဖြင့် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပွဲဖြစ်မြောက်ရေးကော်မတီမှ သိရသည်။
စိုင်းဇော်လတ်(လင်းခေး)