ဆိပ်ကြီးခနောင်တို ဧပြီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက ခနောင်တို အရှေ့ရပ်ကွက်၊ ဗဟိုလမ်းရှိ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် မြို့နယ်ဗဟိုမဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ ဧည့်သည်တော်များမှ နေရာယူပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးရာ ယိမ်းအဖွဲ့များက မန်းတောင်ရိပ်ခိုသီချင်းဖြင့် ယိမ်းအလှ ကပြဖျော်ဖြေကြသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယိမ်းအကအဖွဲ့များနှင့် တက်ရောက်လာသည့် ဧည့်ပရိသတ်များအား ပျော်ရွှင်စွာအတာရေပက်ဖျန်း၍ ဖွင့်ပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၁၃၈၅ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့မှ ၁၆ ရက် သင်္ကြန်အတက်နေ့အထိ မြို့နယ်ဗဟိုမဏ္ဍပ်၌ ယိမ်းအကအလှများ၊ ခေတ်ပေါ်တေးဂီတသီဆိုဖျော်ဖြေမှုများ၊ DJ တေးဂီတဖျော်ဖြေမှုများအပြင်၊ စတုဒိသာမုန့်များ နေ့စဉ်လှူဒါန်းကျွေးမွေးဧည့်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ (ပြန်/ဆက်)