ငါန်းဇွန်မြို့နယ်၌ ပြည်သူများ ရိုးရာအတာသင်္ကြန်ကို မြန်မာ့ရိုးရာ စတုဒိသာမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များဖြင့် ပျော်ရွှင်စွာ ရေကစား

ငါန်းဇွန် ဧပြီ ၁၄

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၌ ပြည်သူများက မြန်မာသက္ကရာဇ် ၁၃၈၅-၁၃၈၆ ခုနှစ်၊ နှစ်သစ်ကူးရိုးရာအတာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာစတုဒိသာမဏ္ဍပ်၌ မုန့်လက်ဆောင်းသောက်သုံး၍ ရေကစားမဏ္ဍပ်များဖြင့် ၂၀၂၄ ခုနှစ်၊ ယမန်နေ့ သင်္ကြန်အကြိုနေ့က အတာရေပက်ဖြန်းရင်း ပျော်ရွှင်စွာဖြင့် အတာရေကစားခဲ့ကြောင်း သိရသည်။

ပြည်သူများသည် မြန်မာသက္ကရာဇ် ၁၃၈၅-၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကြီးကို ငါန်းဇွန်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီမံကွပ်ကဲမှုဖြင့် “မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်စတုဒိသာမဏ္ဍပ်”တွင် ကျွေးမွေးဧည့်ခံသော မုန့်လက်ဆောင်း များ သောက်သုံး၍ ရေကစားကြသလို မြို့ပေါ်ရှိ ဦးလေးကြီးရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်ရေကစားမဏ္ဍပ်တို့တွင် အသံချဲ့စက်များဖြင့် မြူးကြွပျော်ရွှင်ဖွယ်ရာ သင်္ကြန်တီးလုံးများဖွင့်၍ အတာသင်္ကြန်အကြိုနေ့ကို ပျော်ရွှင်စွာကခြင်း၊ ရေကစားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အတာကူးသည့် မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော်တွင် စတုဒိသာမဏ္ဍပ်၌ သင်္ကြန်အကြို၊ သင်္ကြန်အကျ၊ သင်္ကြန်အကြတ်၊ သင်္ကြန်အတက်နေ့များ၌ မုန့်လက်ဆောင်း၊ ကြာဇံဟင်းခါး၊ အအေးများဖြင့် ယခင်နှစ်များနည်းတူ မည်သူမဆို လာရောက်စားသုံးသူများကို နံနက်နှင့် နေ့လည်ခင်းများတွင် ကျွေးမွေးဧည့်ခံသွားမည်ဖြစ်ကြောင်းနှင့် ၎င်းစတုဒိသာမဏ္ဍပ်၌ ပျော်ရွှင်စွာရေကစားနိုင်ရန် စီစဉ်ပေးထားကြောင်း သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)