မာန်အောင် ဧပြီ ၁၄
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် မဟာသင်္ကြန်အကျနေ့ ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်ရှိ ကျောင်းများဖြစ်ကြသော မြို့မဘုန်းတော်ကြီးကျောင်း၊ မဟာဓမ္မိကာရုံကျောင်းတိုက်နှင့် ကွမ်းသီးကျောင်းစသည့် ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းရှိပြီး ယင်းကျောင်းတိုက်များတွင် ဥပုသ်သီလ ဆောက်တည်သူများ၊ ဒါနကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် အထူးစည်းကားလျက်ရှိသည်။
မဟာသင်္ကြန်သည် မြန်မာတို့၏နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ကူးပြောင်းကာလဖြစ်ပြီး ပြည်သူများ နှစ်သစ်တွင် အောင်မြင်မှုရရှိစေရန် ဘုရား၊ စေတီ၊ ပုထိုးများတွင် ကောင်းမှုကုသိုလ်များ ပြုလုပ်လေ့ရှိရာ ရန်အောင်မြင်ရပ်ကွက်ရှိ ရန်အောင်မြင်စေတီနှင့် ဓာတ်တော်စေတီတော်၊ မြို့မရပ်ကွက်ရှိ မဟာထီးဘုရား၊ အနောက်စုရပ်ကွက်ရှိ လေးဆူမြတ်ရှင် သီရိကျက်သရေမာရ်အောင်မြင်စေတီတော်များတွင် တရားဘာဝနာပွားများခြင်း၊ ပန်း၊ ရေ၊ ဆီမီးထွန်းညှိပူဇော်ခြင်း၊ ဥပုသ်သည်များအား ကျွေးမွေးလှူဒါန်းခြင်း များ ပြုလုပ်ပြီး ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့်စည်ကားလျက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)