လားရှိုးမြို့တွင် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲကျင်းပရာ ယိမ်းအကအလှများဖြင့် ကပြဖျော်ဖြေ

လားရှိုး ဧပြီ ၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ ၄ နာရီ အချိန်က လားရှိုးတက္ကသိုလ်ရှိ ဌာနဆိုင်ရာများ ရေကစားမဏ္ဍပ်တွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင်  ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း က အဖွင့် နုတ်ခွန်းဆက်အမှာစကားပြောကြားရာ ၁၃၈၅-ခုနှစ် ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာနဲ့အညီ ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရန်၊ ပြည်သူများ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲတော်တွင်  ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲနိုင်ရန်၊ ပြည်သူများအနေဖြင့် မိမိတို့ပင်ပန်းနွမ်းနယ်သမျှကို အာတာရေပက်ဖျန်း လန်းဆန်းစေခြင်းဖြင့် နှစ်သစ်တွင် နိုင်ငံတော်၏တာဝန်များကို စွမ်းအားပြည့်စွမ်းဆောင်နိုင်ကြစေရန်၊ မြန်မာမှု၊ မြန်မာ့ဟန် ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအနှစ်သာရများ အမျိုးသားရေးစရိုက်လက္ခဏာများကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်တတ်ကြ စေရန်စသည့် ကောင်းမြတ်သောရည်ရွယ်ချက်များဖြင့် ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ယင်းနောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးတင့် နှင့် အခမ်းအနားသို့ တက်ရောက် လာကြသူများကအခမ်းအနားသို့ တက်ရောက်လာကြသူများကို အတာရေစင်များဖြင့် ပက်ဖျန်းခဲ့ကြကြောင်းသိရသည်။

ထို့နောက် ဌာနဆိုင်ရာယိမ်းအကအဖွဲ့များ၊ လားရှိုးတက္ကသိုလ်နှင့် ပညာရေးယိမ်းအကအဖွဲ့များက အကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး တက်ရောက်လာကြသူများက ပျော်ရွှင်စွာဖြင့် ရေကစားခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)