ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်နှင့် ပြည်သူရင်ပြင်လမ်းလျှောက်သင်္ကြန်ပွဲတော်၌ သင်္ကြန်ချစ်သူပြည်သူများဖြင့် စည်းကားလျက်ရှိ

ရန်ကုန် ဧပြီ ၁၄

၁၃၈၅ခုနှစ် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်နှင့် ပြည်သူရင်ပြင်ရန်ကုန် လမ်းလျှောက်သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားများကိုယနေ့ နံနက်ပိုင်းတွင်အဆိုပါ အတာသင်္ကြန်မဏ္ဍပ်နေရာအသီးသီး၌ သင်္ကြန်ချစ်သူပြည်သူများနှင့် အတူစည်းကားသိုက်မြိုက်စွာ ဖွင့်လှစ်ကြသည်။

ဦးစွာ ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်ဖွင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၇) နာရီခွဲတွင် ကျောက်တံတားမြို့နယ်ရှိ မြို့တော်ခန်းမရှေ့၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့်ဇနီး၊ တိုင်းဒေသကြီး၀န်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး၀န်ကြီး၊ မြို့တော်၀န်ဦးဗိုလ်ဌေးနှင့်ဇနီး၊ ဒုတိယမြို့တော်၀န်၊ အတွင်းရေးမှူးနှင့်ကော်မတီ၀င်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဌာနများမှ ၀န်ထမ်းများနှင့်မိသားစု၀င်များ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးတို့မှ တာ၀န်သူများနှင့်အနုပညာရှင်များ၊ ယိမ်းအဖွဲ့များနှင့် ဖိတ်ကြားထားသည့်ဧည့်သည် တော်များတက်ရောက်ကြသည်။

ထို့နောက် မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ နာယကကြီးအလင်္ကာကျော်စွာ ဦးအောင်တင်၀င်းက ၁၃၈၅ခုနှစ်မှ ၁၃၈၆ခုနှစ် သို့ကူးပြောင်းမည့် မဟာသင်္ကြန်ပွဲတော်ကြီး စတင်နိုင်ရန်အတွက်ကောင်းခြင်း မင်္ဂလာအဖြာဖြာနှင့်ပြည့်စုံအောင်မြင်စေခြင်းငှာ ပုဏ္ဏားစာဖတ်ခရုသင်းမှုတ်မင်္ဂလာကို ပြုလုပ်သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ်ဦးစိုးသိန်းက နှစ်သစ်ကူးနှုတ်ခွန်းစကားပြောကြားရာ မဟာသင်္ကြန်ပွဲတော်သည်မြန်မာတို့၏ တန်ဖိုးမဖြတ်နိုင်သောရိုးရာယဥ်ကျေးမှု ပွဲတော်တစ်ခုဖြစ်သည် အပြင်တစ်ဦးနှင့် တစ်ဦးချစ်ကြည်ရင်းနှီးမှုပိုမိုရရှိလာစေနိုင်သည့် ဓလေ့အရိုက်ကောင်းများ ဖြစ်ထွန်းလာစေရန်ဆိုသည့် အနှစ်သာရများနှင့်ကျင်းပသည့် ထူးခြားလေးနက်သော မြန်မာရိုးရာပွဲတော်ကြီးလည်းဖြစ်ပါကြောင်း၊ နှစ်ဟောင်းမှသည် နှစ်သစ်သို့ကူးပြောင်းခြင်း အဓိပ္ပာယ်ဆောင်သည်မြန်မာရိုးရာ ယဥ်ကျေးမှုသင်္ကြန်ပွဲတော်သည် နှစ်ဟောင်းကအမှတ်မထင်ပြုမှုမည်ကြသည့်မကောင်းမှုများကို ယခုလိုနှစ်သစ်ကူးသင်္ကြန်မှာ ကြည်လင်အေးမြသည့် သီတာရေစင်ပက်ဖျန်းပြီးတစ်ဦးနှင့် တစ်ဦးကြည်နူးသိမ်မွေ့စွာ ပက်ဖျန်းဆေးကြောခွင်လွှတ်ကြသည့်မြန်မာရိုးရာယဥ်ကျေးမှုပွဲတော်ဖြစ်ပါကြောင်း၊ ယဥ်ကျေးမှုအစဥ်အလာ မြင့်မားသည်လူမျိုးတွင် မြန်မာလူမျိုးသည် ထိပ်ဆုံးကပါ၀င်သည့်အတွက် မြန်မာရိုးရာယဥ်ကျေးမှုများကို စောင့်ရှောက်ပြီး ဆက်လက်ထိန်းသိမ်းရမည့် တာ၀န်များလည်းရှိပါကြောင်း၊ ယခုလိုအစဥ်အလာကောင်းများဖြင့် နှစ်စဥ်ကျင်းပခဲ့ရာမှ မြန်မာလူမျိုးသာမကနိုင်ငံရပ်ခြား တိုင်းတစ်ပါးကပါလူမျိုးမရွေး၊ ဘာသာမရွေးပျော်ပျော်ရွှင်ရွှင် ပါ၀င်ဆင်နွှဲကြသောအလွန်ယဥ်ကျေး သိမ်မွေ့လှသည့်ပွဲတော်ဖြစ်ပြီး နှစ်စဥ်ဆင်နွှဲသည် မြန်မာရိုးရာယဥ်ကျေးမှုသင်္ကြန်ပွဲတော်လည်း ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိပြည်သူပြည်သား၊ မြို့တော်သူမြို့တော်သား အပေါင်းကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး နှစ်သစ်မှာခွန်အားသစ်များဖြင့် ဆောင်ရွက်နိုင်ကြပါစေကြောင်း၊ မဟာသင်္ကြန်ပွဲတော်ကို ယဥ်ကျေးသိမ်မွေ့စွာ ပါ၀င်ဆင်နွှဲကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ယင်းနောက် ၁၃၈၅ ခုနှစ်ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်ရေသဘင်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်းနှင့် တိုင်းဒေသကြီး၊ စည်ပင်သာယာရေး၀န်ကြီးရန်ကုန်မြို့တော်၀န် ဦးဗိုလ်ဌေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ နိုင်ငံကျော်တေးသံရှင်ဦးသန်းမြတ်စိုးက “မြူမှောင်ဝေကင်းသီချင်းနှင့်တေးသံရှင် စိုးညီညီ၏ “နွေရတုပွဲတော်” သီချင်းတို့ဖြင့် ယိမ်းအဖွဲ့များက ယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် နံနက် (၉) နာရီတွင်ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် ဒဂုံမြို့နယ် ပြည်လမ်းရှိပြည်သူရင်ပြင် လမ်းလျှောက်သင်္ကြန်နှင့် Royal-Apexမဏ္ဍပ်ဖွင့်ပွဲကိုကျင်း ပရာနိုင်ငံကျော်တေးသံရှင် ဦးသန်းမြတ်စိုးက “မြူမှောင်​ဝေကင်း “သီချင်းနှင့်တေးသံရှင်စိုးညီညီ၏ “နွေရတုပွဲတော်” သီချင်းတို့ဖြင့် ယိမ်းအဖွဲ့များက ယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်ဖွင့်လှစ်ပြီး ယိမ်းအဖွဲများနှင့်ရုပ်ရုင်၊ ဂီတ၊ သဘင်အဖွဲ့များဖျော်ဖြေတင်ဆက်မှုများကို တိုင်းဒေသကြီး၀န်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး၀န်ကြီးများနှင့် ၎င်းတို့၏ဇနီး၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ သင်္ကြန်ချစ်သူပြည်သူများက ကြည်ရူ့အားပေးကြပြီး လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် သင်္ကြန်ချစ်သူပြည်သူများနှင့် အတူပါ၀င်ဆင်နွှဲကြသည်။

ပြည်သူ့ရင်ပြင်လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် သင်္ကြန်ချစ်သူပြည်သူ့များပျော်ရွှင်အေးချမ်းစွာ ရေသဘင်ပွဲတော်ဆင်နွဲနိုင်အတွက် ဌာနဆိုင်ရာရေကစားမဏ္ဍပ်များဖြစ်ကြသည့် ပိတောက်ကကြိုး၊ နှစ်သစ်မင်္ဂလာ၊ နွေဦးပိတောက်၊ တူပို့တူပိူ့၊ တန်ခူးရေစင်၊ ပိတောက်သစ္စာ၊ ပိတောက်ရိပ်၊ပိတောက်လမ်း၊ သင်္ကြန်မိုး၊ တန်ခူးလေပြေစသည့် ရေကစားမဏ္ဍပ်များအပြင် စားသောက်ဆိုင်တန်းမျာကိုလည်း ဖွင့်လှစ်ပေးထားသည်။

ယခုနှစ် မြန်မာရိုးရာယဥ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်အကြိုနေ့တွင် ရန်ကုန်မြို့ရှိ ကျောက်တံတားမြို့နယ်၊ ပန်ဆိုးတန်းလမ်းမပေါ်ရှိ ပတောက်ရွှေ၀ါရေကစားမဏ္ဍပ်၊ လမ်းမတော်မြို့နယ်၊ မဟာဗန္ဓုလလမ်းမပေါ်ရှိ သင်္ကြန်မင်းသားကြီးရေကစားမဏ္ဍပ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ဒေါ်သိန်းတင်လမ်းမပေါ်ရှိ မင်္ဂလာမေရေကစားမဏ္ဍပ်၊ ဗိုလ်တထောင်မြို့နယ် မဟာဗန္ဓုလလမ်းပေါ်ရှိ ဗိုလ်တထောင်မြို့နယ် မဟာသင်္ကြန်ရေကစားမဏ္ဍပ်၊ လသာမြို့နယ်တွင်ရွှေလုံမောင်မယ်ရေကစားမဏ္ဍပ်၊ ဒဂုံမြို့နယ်တွင် ဒဂုံမောင်မယ်ရေကစားမဏ္ဍပ်တို့အပြင် အရှေ့ပိုင်း၊ အနောက်ပိုင်း၊ မြောက်ပိုင်း၊ တောင်ပိုင်းတို့ရှိခရိုင်ဇုန်များတွင် ရေကစားမဏ္ဍပ်များဖွင့်လှစ်ထားရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သင်္ကြန်ချစ်သူ ပြည်သူများအတာရေသဘင်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိကြသည်။

မြန်မာရိုးရာ ယဥ်ကျေးမှုနှစ်သစ်ကူးမဟာသင်္ကြန်ကာလအတွင်း သင်္ကြန်ချစ်သူပြည်သူများ ပျော်ရွှင်စွာရေသဘင်ပွဲတော်ကို ဆင်နွှဲနိုင်စေရန်အတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့တို့က လုံခြုံရေးကိစ္စရပ်များကို အပြည့်အ၀ကူညီဆောင်ရွက်ပေးထားကြောင်း သတင်းရရှိသည်။

အောင်မြင့် (ပြန်/ဆက်)