မိုင်းတုံ ဧပြီ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ မြို့မပန်းခြံကွင်းတွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုပေါင်းဆောက်လုပ်ထားသော မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဖျော်ဖြေရေးဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၅ နာရီအချိန်က ကျင်းပပြုလုပ်ရာ စစ်ဗျုဟာမှူး ဗိုလ်မှူးကြီး ကျော်ထင်နှင့် အဖွဲ့များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်က ၁၃၈၅-၈၄၆ ခုနှစ်၊ တန်ခူးလဆန်း (၅)ရက် ၁၃-၄-၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်သော မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ရပ်မိ/ရပ်ဖများ၊ ပြည်သူများ ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့စွာဖြင့် မိမိတို့ပင်ပန်းနွမ်းနယ်သမျှကို အတာရေပက်ဖျန်း လန်းဆန်းစေခြင်းဖြင့် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစေကြောင်း၊ နှစ်ဟောင်းမှ အညစ်အကြေးများကို အတာရေဖြင့် ပက်ဖျန်ဆေးကြောပြီး နှစ်သစ်မင်္ဂလာယူလေ့ရှိပါကြောင်း နှစ်သစ်အကြို ဆုတောင်းစကားပြောကြားပြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖျော်ဖြေရေးဗဟိုမဏ္ဍပ်အား စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ထင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်၊ ခရိုင်ရဲမှူးကြီး မျိုးမြင့်ထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးလှအေး၊ မြို့မိမြို့ဖဥက္ကဋ္ဌ ဦးလှမောင်၊ မြို့မိမြို့ဖ ဦးစိုင်းချိုဟိန်းတို့က သင်္ကြန်ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဖျော်ဖြေရေးယိမ်းအဖွဲ့များမှ “မြူမှောင်ဝေကင်း”သီချင်းဖြင့် ကပြဖျော်ဖြေခဲ့သည်။ ယင်းနောက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ထင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ အခမ်းအနားသို့ တက်ရောက်လာသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဧည့်ပရိတ်သတ်များနှင့် ယိမ်းအကအဖွဲ့များအား အမွှေးနံ့သာရေများ ပက်ဖျန်းပေးခဲ့ကြသည်။
ထို့နောက် မဟာသင်္ကြန်ပွဲတော် ဖျော်ဖြေရေးမဏ္ဍပ်တွင် ပြိုင်ပွဲဝင် မောင်၊ မယ်များက အကအလှများဖြင့် ဆက်လက် အလှည့်ကြကပြဖျော်ဖြေပေးရာ စစ်ဗျုဟာမှူး ဗိုလ်မှူးကြီးကျော်ထင်နှင့် အဖွဲ့များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်နှင့် အဖွဲ့များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဧည့်သည်တော်များမှ ကြည့်ရှူအားပေးခဲ့ကြကြောင်း သိရသည်။
မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာနှစ်သစ်ကူးအစီအစဉ်များဖြင့် အစဉ်အလာမပျက်ကျင်းပပြုလုပ်ရာ အကြို၊ အကျ၊ အကြတ်၊ အတက်နေ့များတွင် စတုဒိတာများ ကျွေးမွေးလှူဒါန်းခြင်း၊ ရေပက်ကစားခြင်းများပြုလုပ်သွားမှာဖြစ်ပြီး နှစ်ဆန်း(၁)ရက်နေ့တွင် သက်ကြီး ဘိုး/ဘွားများအား ပူဇော်ကန်တော့ခြင်း၊ ဘေးမဲ့ငါးများလွှတ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)