တန့်ယန်းမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာအတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ ကျင်းပ

တန့်ယန်း ဧပြီ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅-ခုနှစ်မှ ၁၃၈၆-ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ သင်္ကြန်အကြိုနေ့ မွန်းလွဲညနေ ၄ နာရီက ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်ကြိုဆိုနှုတ်ခွန်းဆက်မင်္ဂလာစကား ပြောကြားကာ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး ဇော်မင်းထက်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝေလွင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့မိမြို့ဖ ဦးစိုင်းမြင့်ဆွေ၊ ဦးစိုင်းရွှေလှ “ရှမ်း”စာပေနှင့်ယဉ်ကျေးမှု၊ ဦးညီကျေး “ဝ”စာပေနှင့်ယဉ်ကျေးမှု၊ ဦးကျော်နီ “လားဟူ”စာပေနှင့်ယဉ်ကျေးမှု၊ ဦးအားဝူဖာ “လီဆူ”စာပေနှင့်ယဉ်ကျေးမှုတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

ယင်းနောက် တာဝန်ရှိသူတို့က တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ရပ်ကွက်များမှ ယိမ်းအဖွဲ့များ၏ သင်္ကြန်မယ်များနှင့်အတူ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲကြ၍ ယိမ်းအဖွဲ့များက “မန်းတောင်ရိပ်ခို” သီချင်းဖြင့် ကပြကာ အောင်သပြေပန်းဖြင့် အတာရည်ပက်ဖျန်းပြီး ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။                                            

မင်းလွင်ဦး(တန့်ယန်း)