ဒဂုံ ဧပြီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတား ခရိုင်၊ဒဂုံ မြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဲ ဒဂုံမောင်မယ်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွှဲ (၃) နာရီအချိန်က ဦးဝိစာရရပ်ကွက်၊ အမျိုးသားရေကူးကန်ရှေ့တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ဖျော်ဖြေရေး ဒဂုံ မောင်မယ်မဏ္ဍပ်အားကျောက်တံတား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာနှင့်စီမံအဖွဲ့ဝင်များ၊ ဒဂုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းသူကျော်နှင့်စီမံ အဖွဲ့ဝင်များမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။
ထို့နောက် နိုင်ငံကျော်အဆိုတော် ဒါလီနိူင်မှအဖြူကတမျိုးအနီကတမျိုး သီချင်းဖြင့်သီဆိုပြီး ဒဂုံမြို့နယ်အတွင်းရှိ သင်္ကြန်ယိမ်းအကအဖွဲ့များက ကပြဖျော်ဖြေကြရာကျောက်တံတား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာနှင့်စီမံ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူကျော် နှင့်စီမံအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများမှ သပြေခက်နှင့်အတာရေများ လိုက်လံပက်ဖျန်း၍ ရွှေရင်အေးစတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရသည်။
ဒဂုံမြို့နယ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ဖျော်ဖြေရေး ဒဂုံမောင်မယ်မဏ္ဍပ်တွင် သင်္ကြန်ကာလ (၄) ရက်အတွင်း သင်္ကြန်ယိမ်းအကအလှများ ကပြဖျော်ဖြေခြင်း၊ အဆိုတော်များမှ သင်္ကြန်တေးသီချင်းများနှင့် ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်၍ သင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးမိုးခိုင် (ပြန်/ဆက်)